Sunday, 8 June 2014

အကြွေစောသော ပန်းတစ်ပွင့် သို့မဟုတ် တာချီလိတ်၏ ဥယျာဉ်မှူးကောင်းတစ်ယောက် ဆုံးရှုံးခြင်း




လကုန်ရက်များတွင်လည်းကောင်း မြို့နယ်အဆင့်ပညာရေးလှုပ်ရှားမှုများတွင်လည်းကောင်း တစ်ခါတစ်ရံ သူမကို တွေ့ဆုံခင်မင်ခဲ့ဖူးသလို တွေ့ဆုံတိုင်းတွင် လှိုက်လှဲစွာ လေးလေးစားစား မသိသည်များကို မေးမြန်း တတ်သူ ပညာရေး ညီမငယ်တစ်ဦးဖြစ်ပါသည်။ လွန်ခဲ့သော မေလ ၂၆ ရက်မှ ၃၀ရက်နေ့ တွင် ထက်လယ်မူကျောင်းအုပ်ကြီးများ သင်တန်းတက်ရာတွင်မူ ဘီအခန်းတွင် အတူတူတက်ခဲ့ပြီး တစ်အုပ်စုတည်း ကျခဲခြင်းနှင့် မိမိဦးဆောင်ဆွေးနွေးသည်ကို တက်ကြွစွာ လိုက်ပါတွေးခေါ်ဆောင်ရွက်ခဲ့သဖြင့်လည်း စိတ်ထဲတွင် သူ၏ သဏ္ဍာန်သည် အထင်အရှား ရှိနေဆဲဖြစ်ပါသည်။ သူကား တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ယန်းခမ်းကျေးရွာ ယန်းခမ်းအမက ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာထွန်းဖြစ်ပါသည်။ 




ရန်ကုန်သူဗမာလူမျိုးဖြစ်သော်လည်း ကျေးလက်ဒေသကို ရှမ်းတိုင်းရင်းသားများကို ချစ်ခင်သူဖြစ်ကြောင်းသိရပါသည်။ သူ၏ နာရေးအတွက် လိုက်ပါမပို့ဆောင်မီတစ်ရက်နှင့် လိုက်ပါပို့ဆောင်သည့် ယနေ့(၈.၆.၁၄) တနင်္ဂနွေနေ့တွင် နှစ်ကြိမ်ရောက်ခဲ့ပါသည်။ဒုတိယအကြိမ်မှာ ယူနီဖောင်းပြည့် ကျောင်းအုပ်စုမှူး အဖြစ် အုပ်စုဝင်ကျောင်းအုပ်ကြီးများနှင့် သူ့အား နောက်ဆုံးနှုတ်ဆက်ပို့ဆောင်ရန်ရောက်ရှိခြင်းဖြစ်ပါသည်။ ကျေးရွာနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် သူ့ကို ကျေးရွာမှ လေးစားချစ်ခင်မှုအပြည့်ရှိကြောင်း မျက်ဝါးထင်ထင်တွေ့ ရှိခဲ့ရပါသည်။ ယန်းခမ်းရွာတွင် သူရောက်ရှိသည် တာဝန်ထမ်းဆောင်သည်မှာ (၇)နှစ်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ 




တပည့်များမှာလည်းကြေကွဲသည့်ကြားမှ သူ့နာရေးတွင် အချိန်ပြည့်ကူညီနေကြကြောင်းတွေ့ရသည်။သူ့တပည့် အလယ်တန်း၊ အထက်တန်းကျောင်းသူများပင် အဖြူအစိမ်းယူနီဖောင်းဖြင့် လာရောက်ကူညီနေကြသည်။ ယန်းခမ်းရွာအတွင်းမှ ရှမ်းတိုင်း ရင်းသားနှင့် အိမ်ထောင်ကျသူ မိတ္ထီလာသူ ဗမာအမျိုးသမီးမှာ အသားအရေနှင့်စကားပြောပုံမှာ ရှမ်းတိုင်းရင်းသားပုံစံ အတိုင်း ထူးခြားစွာတွေ့ရသော်လည်း ဗမာလိုတစ်မျိုး ရှမ်းလိုတစ်ဖုံ ပြောဆိုပြီး နာရေုးကို အပင်ပန်းခံဦးဆောင် ဆောင်ရွက်နေသည်ကိုလည်း လေးစားစွာတွေ့နေရပါသည်။ ကွယ်လွန်သူ ဆရာမကြီးအားလည်း လွန်စွာလေးစား ချစ်ခင်ကြောင်းသိရပါသည်။သူ၏ ငယ်သူငယ်ချင်း တာချီလိတ်မြို့နယ် စန်းလုအမကကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဝါ ထံမှလည်း သူ့အကြောင်း အထူးကြားသိခဲ့ရပါသေးသည်။ ကျေးရွာမှ အဘိုးအဘွားများမှာလည်း မျက်ရည်များနှင့် စိတ်မကောင်းမှုကို အထင်အရှားတွေ့မြင်နေကြရပါသည်။








 သူ၏ကျောင်းကို တစ်ဆောင်မှနှစ်ဆောင် အပြင် ကလေးများ၏ သင်ကြားသင်ယူမှုတိုးတက်ရေးအတွက် သူကြိုးစား ဆောင်ရွက်သွားမှုများစွာကိုလည်း ကိုယ်တိုင်ကြားခဲ့ရပါသည်။ ကွယ်လွန်သူ ပညာရေးညီမငယ်အတွက် ဂုဏ်ယူမိ ပါသည်။ နာရေးကုန်ကျစရိတ်အားလုံးကို ကျေးရွာမှ အလုံးစုံကျခံကြောင်း ကြားသိရပြီး ရှမ်းထုံးစံ ဗမာထုံးစံများဖြင့် ခမ်းခမ်းနားနား စနစ်တကျ စိတ်ပါလက်ပါ ကူညီဆောင်ရွက်ပေး ကြသည်ကိုတွေ့ရသဖြင့် ဆရာမကြီးနှင့်ပညာရေးကို နားလည် ကူညီပေးသော ရပ်ရွာကိုလည်း အထူးလေးစား၍ အသိအမှတ်ပြုမိပါသည်။ 





လွန်ခဲ့သော (၂၄) နှစ်ခန့် ကျွန်တော် မူလတန်းပြဆရာဘ၀ တွင် ဤရွာကလေးကို ဖြတ်သန်းသွားခဲ့ဖူးပါသည်။ ယခုကဲ့သို့တိုက်တာအဆောက်အဦး လျှပ်စစ်မီးလည်းမရှိသေးသလို ပညာရေးမှာလည်း နုံချာလှပါသည်။ ၄င်းကာလတွင် ကျွန်တော်၏ သူငယ်ချင်းဆရာမလေးတစ်ဦး တာဝန်ကျခဲ့ဖူးပါသည်။ ကျောင်းမှာ လယ်ကွင်းထဲ တွင်ရှိပြီး အမိုးသာရှိပြီး အကာမရှိဘဲ ကျောက်သင်ပုန်းနှစ်ချပ်ဖြင့် လေထဲမိုးထဲတွင် ဆရာမလေးတစ်ဦးထဲသင်ကြားနေရသလို ဆရာမလေး၏ စားဝတ်နေရေး အဆင်မပြေကြောင်း သိခဲ့ရဖူးပါသည်။ ယနေ့အချိန်အခါတွင် ယခင်နှင့် အိပ်မက်ပမာ ပြောင်းလဲတိုးတက်နေသော ရပ်ရွာနှင့် ဒေသ၏ အတွေးအခေါ်နှင့် ပညာရေးပူးပေါငးမှု အောင်မြင်နေမှုကို တွေ့ခဲ့ရသဖြင့် လွန်စွာဝမ်းသာမိပါသည်။ 

 သို့သော်လည်း အသက်(၃၈) နှစ်အရွယ် ရပ်ရွာဒေသအကျိုး အစွမ်းကုန်ဆောင်ရွက်နိုင်သည့် အရွယ်ရှိသည့်ပညာရေးညီမငယ် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးသီတာထွန်းကွယ်လွန်ခဲ့ခြင်းအတွက်
 နိုင်ငံတော်အတွက် လည်းကောင်း ပညာရေးဌာနအတွက်လည်းကောင်း ပညာသောက်စို့လူလားမြောက်ကြမည့် ကလေးငယ် များအတွက်လည်းကောင်း လွန်စွာနှမြောမိပါသည်။ ဆိုင်ကယ်မေးသိုင်းကြိုး ကောင်းစွာ မတပ်ခဲ့သည့်အတွက်ဟု အဆုံးတွင် အဖြေတစ်ခု ရရှိခဲ့ပါသည်။ 
တစ်ခါတစ်ရံတွင် အသေးအဖွဲလေးများသည် ဘ၀တစ်ခုလုံးကို ပြောင်းလဲသွားနိုင်သည်ကို ဤသည်က အတွေ့အကြုံတစ်ခုရခဲ့ပါသည်။ 



အကြွေစောသောပန်းတစ်ပွင့် သို့မဟုတ် ပညာရေး ညီမငယ် ယန်းခမ်းအမက၏
ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာထွန်း ကောင်းရာသုဂတိလားပါစေ ၊ ဘ၀အဆက်ဆက် ပညာပါရမီဖြည့်ဆည်းသူ ဖြစ်ပါစေဟု ဆုတောင်းရင်း ကြေကွဲစွာဖြင့် ဆောင်းပါးကို နိဂုံးချုပ်အပ်ပါသည်။

                                                                      
                                                                                    ဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်



0 comments:

Post a Comment