Thursday, 10 January 2013

ရွှေစာရံစေတီတော်အား သက်သေထားသော်

'' ရွှေစာရံစေတီတော်အား သက်သေထားသော် ''
    နိုင်မောင်မောင်

'' အရှေ့စာရံ၊ ပုဂံအနောက်
တောင်မြောက် ယင်မြော(မြော်)၊ သီဟတောဟု
လောကဓါတ်တွင်း၊ ခြောက်ရောင်လင်းသည်
သနင်းမှန်ကူ၊ ကျော်လေးဆူတွင် '' ...ဟူ၍ ကင်းဝန်မင်းကြီးက ရှင်မဟာသီလ၀ံသ၏ တံတားဦးတည်မော်ကွန်းကိုမှီ၍ စပ်ဆိုခဲ့သည်။ ထိုကျော်လေးဆူတွင် တစ်ဆူဖြစ်သော '' ရွှေစာရံစေတီတော် '' သည် မန္တလေး-ပြင်ဦးလွင်ကားလမ်းပေါ်ရှိ အုန်းချောလမ်းခွဲ(ပုသိမ်ကြီးမြို့နယ်)မှ အတွင်းသို့ (၃)မိုင် (၂)ဖာလုံခန့်ဝင်သွားရပြီး ဒုဋ္ဌ၀တီမြစ်(မြစ်ငယ်မြစ်)၏ မြောက်ဘက်ကမ်းနှင့် မနီးမဝေး ရွှေစာရံကျေးရွာအနီး၌ တည်ရှိပါသည်။ (ရွှေစာရံဘွဲ့တော်ဖြင့် ထင်ရှားသောစေတီတစ်ဆူမှာ မွန်ပြည်နယ်၊ သထုံမြို့တွင်တည်ရှိပါသည်။)
    သစ္စာအဓိဋ္ဌာန် ရွှေစာရံစေတီတော်အား မူလတည်ထားခဲ့သော ဘုရားဒါယကာမှာ အနော်ရထာ ဘုရင်မင်းမြတ်၏ မိဖုရားတစ်ပါးဖြစ်သည့် မောဝ်ရှမ်းအနွယ်ဖွား မောဝ်ကိုးစော်ဘွားကြီး၏သမီးတော် နန်းမွန်လှ(ခ) စောမွန်လှ(ခ) စ၀်မွန်းလှ ပင် ဖြစ်ပါသည်။ (ဟံသာဝတီဦးဘရင်၏ '' အနော်ရထာ'' စာအုပ်၌ စောမွန်လှ၏အမည်အား နန်းခမ်းကော် ဟူ၍လည်း ဖော်ပြထားသည်။)
    သမိုင်းမှတ်တမ်းများအရ အနော်ရထာမင်းစောသည် ဗုဒ္ဓမြတ်စွာဘုရားသခင်၏ အထက်လက်ဝဲ စွယ်တော်မြတ်ကို ပင့်ဆောင်တော်မူလိုသဖြင့် တရုတ်ပြည်သို့ ဧရာဝတီမြစ်ကြောင်း၊ ရွှေလီမြစ်ကြောင်းတို့မှ တဆင့်ြွကချီတော်မူခဲ့သည်။ တရုတ်ဘုရင်ဥတည်ဘွား ထံမှ စွယ်တော်မြတ်ကိုပင့်ဆောင်တော်မူရာ စွယ်တော် မြတ်သည်ြွကချီတော်မမူသဖြင့် အနော်ရထာမင်းစော သည် မြဆင်းတု(ကျောက်စိမ်းဆင်းတု) တော်ကိုသာ ပင့်ဆောင်၍ တရုတ်ပြည်မှ ပြန်လည်ြွကချီတော်မူခဲ့သည်။ ပြန်လည်ြွကချီတော်မူရာလမ်းတွင် ရှမ်းပြည်နယ် မောဝ်ကိုးပြည်ထောင်စုကိုအစိုးရသော မောဝ်ကိုးစော်ဘွားကြီးမှ ကောင်းခြင်းငါးသွယ်ဖြင့်ပြည့်စုံပြီး နုနယ် ပျိုမြစ်လှပသော သမီးတော်စောမွန်လှ အား နှစ်ပြည်ထောင်ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရန် ရည်ရွယ်၍ အနော်ရထာမင်းစော နှင့် လက်ဆက်ဆောင်နှင်းခြင်းဖြင့် မင်္ဂလာအခါတော်ကို ဆင်ယင်ပေးခဲ့တော်မူသည်။
ရုပ်ရည်အဆင်းလှပပြီး ကောင်းခြင်းလက္ခဏာပြည့်စုံသည့် မိဖုရားစောမွန်လှ အား အနော်ရထာ မင်းစော သည် အရေးတယူမြတ်နိုးတော်မူသည်ကို အခြားမိဖုရား၊ ကိုယ်လုပ်တော်မောင်းမများက နှစ်လိုတော် မမူပေ။ စောမွန်လှ ပန်ဆင်ထားသော ၀ဲဘက်ပတ္တမြားနားတောင်းတော်တွင် မြတ်စွာဘုရားသခင်၏ မွေတော် ဓာတ်များကိန်းဝပ်တော်မူနေပြီး အရောင်အ၀ါတောက်ပသည့်အဖြစ်မှန်ကို သိတော်မမူဘဲ၊ မလိုသူများ၏ ဂုံးချောစကားများကိုယုံစားမိ၍ အနော်ရထာဘုရင် အမျက်တော်ဝင်ကာ မိဖုရားအား နေရင်းဒေသသို့ ပြန်စေခဲ့သည်။
    စောမွန်လှ သည် မင်းကြီးမှစ၍ ပြည်စောင့်နတ်၊ နန်းစောင့်နတ်အပေါင်းတို့အား ရှိခိုးပြီး မိမိ၏အြွေခ အရံများကိုခေါ်ဆောင်ကာ နေရပ်သို့ပြန်ခဲ့သည်။ ညောင်ဦးရွာ၊ ညဥ့်ရွာ၊ ပလင်းရွာ၊ လက်ထုပ်ရွာ၊ ကောင်းစည်ရွာ၊ တုရင်းတောင်၊ ၀ံပတေ့၊ မြို့သစ်၊ စခန်းမ၊ ကျွန်ဘားရွာ အစရှိသည်တို့ကိုဖြတ်သန်း၍ယခု ရွှေစာရံစေတီတော်တည်ရာအနီးရှိ ချောင်းနားသို့ရောက်သောအခါ စောမွန်လှ ပန်ဆင်ထားသော ၀ဲဘက် နားတောင်းတော်သည် ကျွတ်၍သွားလေသည်။
    ချောင်းရေအလျဉ်တွင် နားတောင်းတော်၏အရိပ်သည် ထင်လျက်ရှိသဖြင့် ချောင်းတွင်းသို့ဆင်း၍ ရှာဖွေစေရာ မတွေ့ရှိရပေ။ တစ်ဖန် အထက်ကောင်းကင်သို့ကြည့်သောအခါမှ နားတောင်းသည် မွေတော် ဓာတ်တန်းခိုးတော်ကြောင့် ကောင်းကင်ထက်တွင် စာသူငယ်အပေါင်း သောသောညံဝန်းရံလျက် ပြာဋိဟာ ပြတော်မူနေလေသည်။ ဤအချင်းအရာကိုမြင်သော မိဖုရားစောမွန်လှ သည် စုံဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးပူဇော် အဓိဋ္ဌာန်ပြုလိုက်သောအခါ နားတောင်းမွေတော်ဓာတ်သည် ကောင်းကင်ယံမှဆင်းသက်လာပြီး ဖိဖုရား၏၀ဲဘက်နားတွင် နားတောင်းတော်သည် ၀တ်မြဲအတိုင်းတည်လေသည်။ မိဖုရား၏ရင်တွင်းဝယ် ထိုမွေတော်ကိန်းဝပ်နေသော နားတောင်းတော်အားဋ္ဌာပနာ၍ စေတီတည်ထားကိုးကွယ်ပါလျှင် သတ္တ၀ါ အပေါင်းတို့ အကျိုးများကြမည်ကို တွေးတောမိကာ Óဏ်တော်ငါးတောင်ပမာဏရှိသော ဘုရားလိုဏ်ဂူ စေတီတော်ကို တည်လေသည်။ စေတီတော်၏ဘွဲ့တော်ကို ကောင်းကင်ယံ၌ မွေတော်မြတ်ကို စာသူငယ်များ ၀န်းရံလျှက်ရှိသည်ကို အစွဲပြု၍ '' ရွှေစာရံစေတီ '' ဟူ၍လည်းကောင်း၊ နားတောင်းကျွတ်သည့်နေရာရှိ ချောင်းအား ''နားတောင်းကျချောင်း''ဟူ၍လည်းကောင်း တွင်လေသည်။ စေတီတော်၏မုခ်ဦးလိုဏ်ဂူဝမှာ အနောက်ဘက်သို့မျက်နှာမူလျှက် ယနေ့တိုင်တည်ရှိနေပါသည်။
ရွှေစာရံစေတီတော်အား အနော်ရထာမင်း၏မိဖုရား စောမွန်လှ တည်ထားခဲ့သော အချိန်ကာလသည် မြန်မာသက္ကရာဇ်(၄၀၀)ခန့်ကဖြစ်သည်ဟု စာပေဗိမာန်ပုံနှိပ်တိုက်မှထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၁)၊ စာမျက်နှာ(၄၂၀)၌ အထင်အရှားဖော်ပြထားသည်ကို တွေ့ရပါသည်။
    အနော်ရထာမင်းစောသည် ပထမမြန်မာနိုင်ငံကြီးကိုထူထောင်ခဲ့ပြီးနိုင်ငံအ၀ှမ်း စစ်မှန်သောထေရ၀ါဒ ဗုဒ္ဓသာသနာကို ထွန်းကားပြန့်ပွားတည်တံ့စေခဲ့ပါသည်။ ပေါက္ကံပြည်(ပုဂံပြည်)တွင် သထုံပြည်မြွှကချီတော် မူလာသည့် ဓမ္မဒဿီဘွဲ့ခံ ရဟန္တာအရှင်အရဟံ၏ ဟောကြားညွှန်ပြသွန်သင်မှုဖြင့် မြတ်ဗုဒ္ဓ၏သာသနာကို ထွန်းတောက်စေပြီး အရည်းကြီး တို့၏အယူဝါဒကို ချုပ်ငြိမ်းစေခဲ့သည်။ အနော်ရထာမင်းမြတ်၏ ကျေးဇူး တော်ကား ကြီးမားလှပါသည်။
    သို့သော်အနော်ရထာမင်းမြတ်၏ နန်းတက်နှစ်နှင့် နန်းသက်နှစ်တို့အား မှတ်တမ်းတင်ထားခဲ့ကြသည့် ရဟန်းရှင်လူပညာရှင်အသီးသီးတို့၏ ဖော်ပြချက်များမှာ ကွဲလွဲလျက်ရှိကြသည်ကို လေ့လာသိရှိရသည်မှာ စိတ်မသက်သာဖွယ် ဖြစ်ရပါသည်။
    ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာသင်ရိုးညွှန်တန်း သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်ကော်မတီ၏ (၂၀၁၀ ခုနှစ်၊ ဇွန်လ ) ပဉ္စမတန်းသမိုင်းစာအုပ်တွင်  '' မြန်မာရာဇ၀င်များတွင် ပုဂံမင်းဆက်(၅၁)ပါးရှိသည်။ ကျောက်စာမှာမူ ပုဂံမင်းဆက် (၁၃)ပါးရှိသည်ဟု ဖော်ပြထားပြီး အနော်ရထာမင်း (၁၀၄၄-၁၀၇၇) ''ဟု ပြဋ္ဌာန်းထားပါသည်။
    ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက်( ရန်ကုန်မြို့ )၏အ၀င်ရှိ အနော်ရထာမင်းစော၏ ရုပ်တုခြေ၌ (အေဒီ ၁၀၄၄-၁၀၇၇)ဟု အခိုင်အမာရေးသားဖော်ပြကြပါသည်။
    ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ၁၉၉၂ ခုနှစ်တွင်ထုတ်ဝေသော '' မှန်နန်းမဟာရာဇ၀င်ကြီး '' (ပထမတွဲ)၊ စာမျက်နှာ(၂၃၀)၌ '' အနော်ရထာမင်းစောလည်း နောင်တော်ကို လုပ်ကြံပြီးသော် ခမည်းတော်ကျောင်းသို့သွား၍ ''မင်းပြုပါ''ဟု တောင်းပန်တော်မူ၏။ ခမည်းတော်လည်း ''ငါအသက်အရွယ်ကြီးပြီ အမောင်မင်းပြုတော့''ဟုမိန့်တော်မူလျှင် သက္ကရာဇ်(၃၇၉)ခုတွင် အနော်ရထာ မင်းစော နန်းတက်၍ ရာဇဘိသေကခံတော်မူ၏။ ရာဇ၀င်တို့၌ သက္ကရာဇ်(၃၇၉)ခုတွင် အနော်ရထာမင်းစော နန်းတက်သည်ဟု မဆိုသည်ကိုဆိုလျှက် ယခုဆိုခဲ့သောစကားမှာ အနော်ရထာမင်း၏မိဖုရားမြောက်ပြင် သည် ဘုရားကျောက်စာတွင် '' သက္ကရာဇ်(၃၇၉)ခု သရ၀ဏ်နှစ်၊ ပြာသိုလပြည့်ကျော် (၈)ရက်၊ တနင်္လာနေ့၊ အနော်ရထာမင်းစော မင်းဖြစ်တော်မူလျှင် မင်းသား၊ မိဖုရား၊ မှူးမတ်၊ ကလန်၊ သံဗျင်တို့နှင့် ပြည်သူပြည်သား တို့ကို တရားသဖြင့်စိုးအုပ်စီရင်တော်မူသည် ''ဟု ဆိုသောစကားကိုထောက်၍ သိရာသည်ဟူ၍ ရှင်းလင်းစွာ ဖော်ပြထားပါသည်။
ထို မှန်နန်းရာဇ၀င်တော်ကြီး၏ စာမျက်နှာ(၂၃၆)တွင်လည်း '' အနော်ရထာစောမင်းဖြစ်၍ လေးနှစ် ရှိသောအခါ ခမည်းတော်ကြောင်ဖြူမင်း အနိစ္စရောက်တော်မူ၏။ ကြောင်ဖြူမင်းအိမ်နိမ့် (၅၈)နှစ်၊ စည်းစိမ် (၂၂)နှစ်၊ နန်းကျ(၃၁)နှစ်၊ ရဟန်းမင်းပြု(၄)နှစ်၊ သက်တော်(၁၁၅)နှစ်၊ သက္ကရာဇ်(၃၈၃)ခုသော် အနိစ္စ ရောက်တော်မူ၏ ''ဟူ၍ ဖော်ပြထားပြန်ရာ အနိစ္စရောက်သောခုနှစ်ဖြစ်သည့် သက္ကရာဇ်(၃၈၃)ခုထဲမှ ရဟန်း မင်းပြုသော(၄)နှစ်ကိုနှုတ်က သက္ကရာဇ်(၃၇၉)ရမည်ဖြစ်ပြီး အနော်ရထာမင်းစော နန်းတက်သောသက္ကရာဇ် (၃၇၉)နှင့် ကိုက်ညီလျှက်ရှိပါသည်။
    ကျောက်စာတိုက်ဝန်၊ တွင်းသင်းတိုက်ဝန် မဟာစည်သူပြုစုသော ''တွင်းသင်းမြန်မာရာဇ၀င်သစ်'' (ပထမတွဲ)(မင်းရာဇာစာအုပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၆၈-ခုနှစ်)၊ စာမျက်နှာ(၇၈)တွင် ''အနော်ရထာမင်းစော ကား နောင်တော်စုက္ကတေးကို လုပ်ကြံပြီးလျှင် မင်းဆွေမျိုး မှူးမတ်ဗိုလ်ပါအပေါင်းခြံရံလျက် ခမည်းတော် ကျောင်းသို့သွား၍ ''မင်းပြုတော်မူပါ''ဟု လျှောက်၏။ ခမည်းတော်လည်း ''ငါသည် အသက်အရွယ်တန်ပြီ မောင်သာ တရားနှင့်ညီစွာမင်းပြုပါလေ''ဟုဆိုလျှင် ''မင်းမြေး၊ မင်းသား၊ မင်းမယား၊ မင်းသမီး၊ မှူးမတ်၊ ကလန်၊ သံဗျင်တို့နှင့် သစ္စာမူကြ၍ သက္ကရာဇ်(၃၇၉)ခု၊ ပြာသိုလပြည့်ကျော်(၁)ရက်၊ အင်္ဂါနေ့နန်းတက်တော် မူ၏''ဟူ၍လည်းကောင်း၊ စာမျက်နှာ(၉၇)တွင် ''နော်ရထာမင်းစော အလောင်းတော်ကို နတ်တို့ယူဆောင်၍ ဂန္ဓမာဒနတောင်၌ သင်္ဂြိုလ်သည်ဟု ရာဇ၀င်ကြီးတို့၌ဆိုသည်။ နော်ရထာမင်းစော နန်းတက်သက္ကရာဇ်၊ စည်းစိမ်၊ အသက်တို့ကို ရာဇ၀င်အစောင်စောင်တို့၌ ကျောက်ထိုးဆရာတို့ထုခဲ့သည်။ ကျောက်စာအစောင် စောင်တို့နှင့် မညီမညွတ်ရေးလိုရာရာ ရေးသားကြလေသည်။ နန်းတက်တော်မူသည့် သက္ကရာဇ်(၃၇၉)ခု၊ နတ်ပြည်စံသည်ကား (၄၂၁)ခု၊ စည်းစိမ်(၄၂)နှစ်တည်း''ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။
    မန္တလေးမြို့၊ တောင်ပြင်ဇေယျမင်္ဂလာရာမ နန်းဦးထိုက်၊ တိုက်ကြပ်ဆရာတော် ဦးÓဏ၀ံသ (ပရိမတ္တိသာသနဟိဓမ္မာစရိယ)အရှင်မြတ် စီမံရေးသားသော '' မဟာဗောဓိရွှေညောင်တော် အတ္ထုပ္ပတ္တိ ကထာကျမ်း '' (ဂုဏ၀တီစာပုံနှိပ်တိုက်၊ မန္တလေးမြို့၊ ၁၂၉၁ ခုနှစ်)၊ စာမျက်နှာ(၂)၌ '' လွန်လေပြီးသော
-၃-

အတိတ် သာသနာတော်နှစ်(၁၅၆၁)ခု၊ ကောဇာသက္ကရာဇ်(၃၇၉)ခုနှစ်တွင် ကမ္ပဒီပတိုင်း၊ ပေါက္ကံပြည် ယခု ပုဂံမြို့၊ အနော်ရထာမင်းစော မင်းအဖြစ်သို့ရောက်တော်မူ၏''ဟူ၍ ရေးသားထားပါသည်။
    ညောင်ဦးမြို့၊ မဟာဝိသုတာရာမတိုက်၊ ဆရာတော်အသျှင်နန္ဒ၀ံသမဟာထေရ် ပြုစုစီရင်တော် မူအပ်သော ''မဟာစေတီယုပ္ပတ္တိဝိဘာဝနီမည်သော ပုဂံမြို့ ရွှေစည်းခုံသမိုင်းသစ်ကျမ်းနှင့် အာနန္ဒာသမိုင်း သစ်ကျမ်း'' (ဇဗ္ဗူ့မိတ်ဆွေပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၃၀၀ ပြည့်နှစ်)၏ စာမျက်နှာ(၁၉၂)တွင် သာသနာနှစ် (၁၅၆၁)ခု၊ သက္ကရာဇ်(၃၇၉)ခု၊ အနော်ရထာမင်းစော မင်းပြုရာ''ဟု ပါရှိပါသည်။
    မော်လမြိုင်မြို့၊ ရှင်မဟာဗုဒ္ဓဃောသ ဟိုက်စကူးကျောင်း၊ တိုင်းရင်းသားတန်းမြင့်ကျောင်း ဆရားကြီးဟောင်း ဦးဘသန်း၊ ဘီအေရေးသားပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းမှ ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေသည့် ''မြန်မာရာဇ၀င်''စာအုပ်၏ စာမျက်နှာ(၂၅)၌ ''ပုဂံမင်းဆက် (၅၅)ဆက်ရှိသည်'' ဟူ၍လည်းကောင်း၊ စာမျက်နှာ(၂၆)၌ ''စုက္ကတေးမင်းကို ကြောင်ဖြူမင်း၏သားတော် အနော်ရထာမင်းစော လုပ်ကြံ၍ သက္ကရာဇ်(၃၇၉)ခုတွင် မင်းပြုသည်''ဟူ၍လည်းကောင်း၊ စာမျက်နှာ(၃၁)၌ ''အနော်ရထာမင်းစော ကား သက္ကရာဇ်(၄၂၁)ခုတွင် ယခုပခုက္ကူဒိစတြိတ်ရှိ မြစ်ခြေ(အောင်သာမြစ်ခြေ) အရပ်၌ ကျွဲရိုင်းခတ်၍ နတ်ရွာစံသည်''ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။
    ဟံသာဝတီဦးဘရင် ရေးသားပြီး တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန၊ ရန်ကုန်မြို့မှ ၁၉၉၄ ခုနှစ်တွင် ထုတ်ဝေသည့် ''အနော်ရထာ''စာအုပ် စာမျက်နှာ(၁၇)၌ ''အနော်ရထာမင်းစော သည် ကောဇာသက္ကရာဇ်(၃၇၉)ခုနှစ်၊ ပြာသိုလပြည့်ကျော်(၈)ရက်၊ တနင်္လာနေ့တွင် ပုဂံပြည်ထီးနန်းကို သိမ်းမြန်းဆက်ခံစိုးစံတော်မူကာ ရာဇာဘိသေကဘိသိတ်ကို ခံယူတော်မူလေ၏''ဟူ၍ လည်းကောင်း၊ စာမျက်နှာ(၁၀၀)၌ မင်းကောင်းမင်းမြတ်တို့၏ အင်္ဂါလက္ခာတို့နှင့် ညီညွတ်စွာ အရိမဒ္ဒနာ အမည်ရှိသော ပုဂံပြည်ကြီးကို (၄၂)နှစ်တာကာလပတ်လုံး စီရင်အုပ်ချုပ်မင်းပြုလုပ်တော်မူပြီးလျှင် သက်တော် (၇၅)နှစ်တွင် ဘုရားရဟန္တာတို့ပင် ငြင်းဆန်ခြင်းငှါ မတတ်ကောင်းသော အနိစ္စသဘောသို့ရွှေ့လျားကာနတ်ရွာ စံလေ၏''ဟူ၍လည်းကောင်း ရေးသားဖော်ပြထားပါသည်။
    အနော်ရထာမင်းစော သည် မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသော မြန်မာဘုရင်မင်းမြတ်တစ်ပါး ဖြစ်ပါလျက် အဘယ်ကြောင့် နန်းတက်နှစ်နှင့် နန်းသက်နှစ်တို့မှာ မြန်မာသက္ကရာဇ်နှင့် ခရစ်သက္ကရာဇ်တို့ ကွဲပြားခြားနားနေကြပါသနည်း။ အနော်ရထာမင်းစော၏ နန်းတက်နှစ်နှင့် နန်းသက်နှစ်ကို မြန်မာသက္ကရာဇ် (၃၇၉-၄၂၁)ခုနှစ်ဟု ဖော်ပြသည်ကိုတွေ့ရှိရပြီး ခရစ်နှစ်အလိုအရ (အေဒီ ၁၀၄၄-၁၀၇၇)ဟုလည်း မှတ်သား ရပြန်ပါသည်။
ခြားနာခြင်း၏အဖြေမှန်ကိုသိလို၍လည်း နီးစပ်ရာပညာရှင်များထံ ချဉ်းကပ်မေးမြန်းကြည့်ရာတွင် ပုဂ္ဂိုလ်အတော်များများက မြန်မာဘုရင်များသည် သက္ကရာဇ်ဖြိုသောအလေ့အကျင့်ရှိခြင်းကြောင့် မြန်မာ သက္ကရာဇ်များသည် မှန်ကန်တိကျမှုမရှိနိုင်သဖြင့် ခရစ်နှစ်ဖြင့်ဖော်ပြခြင်းသာဖြစ်သည်ဟု အကြမ်းဖျင်း ဖြေကြားကြပါသည်။
    မြန်မာရှင်ဘုရင်များ သက္ကရာဇ်ဖြိုသောအကြောင်းကိုသိလို၍ ပညာအလင်းပြစာအုပ်တိုက်၊ ရန်ကုန် မြို့မှ ၁၉၈၄ ခုနှစ်တွင် န၀မအကြိမ်ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ နှစ်(၁၀၀)ပြက္ခဒိန်စာအုပ်ကို လေ့လာ မိပါသည်။ မြန်မာသက္ကရာဇ်ဖြစ်ပေါ်လာပုံမှာ-သာသနာသက္ကရာဇ်(၆၂၄)ခုနှစ်တွင် သုမုန္ဒြီမင်းက ဒေါဒေါရသ ကိန်း(၆၂၂)ဖြို၍ သက္ကရာဇ်တို(၂)ခု အြွကင်းထားပြီး သုံးစွဲသောအခါမှ သာသနာနှစ်နှင့် ကောဇာသက္ကရာဇ် ဟူ၍ (၂)မျိုးကွဲပြားလာခြင်းဖြစ်ကြောင်း သုမုန္ဒြီမင်း၏ ကောဇာသက္ကရာဇ်(၅၆၂)ကို ပုပ္ပါးစောရဟန်းမင်းက ခန်းဆပဉ္စကိန်း(၅၆၀)ကို ဖြိုပြန်ရာ ယခင်ဖြိုသောနှစ်(၆၂၂)နှစ် ယခုတစ်ဖန်ဖြိုသော နှစ်(၅၆၀)ပေါင်း (၁၁၈၂) နှစ်သည်ပင်လျှင် သာသနာနှစ်နှင့် ကောဇာသက္ကရာဇ်တွင် ပေါင်းပါက သာသနာနှစ်ကို ရမည်ဖြစ်ပါသည်။
    မြန်မာကောဇာသက္ကရာဇ် အင်္ဂလိပ်ခရစ်သက္ကရာဇ်တို့ ခြားနားသောနှစ်မှာ (၆၃၈)နှစ်ဖြစ်သဖြင့် ခရစ် သက္ကရာဇ်တွင် (၆၃၈)နှစ် နှုတ်လိုက်ပါက မြန်မာသက္ကရာဇ်ကို ရမည်ဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သမိုင်းပညာရှင်အချို့၏ ဖော်ပြချက်များအရ အနော်ရထာမင်းစော နန်းတက် သည့်နှစ်မှာ အေဒီ-၁၀၄၄ ဟု မှတ်ယူထားပြီး မြန်မာသက္ကရာဇ်ဖြင့် ချိန်ညှိသောအခါ အနော်ရထာ နန်းတက် သည့်နှစ်မှာ မြန်မာသက္ကရာဇ်(၄၀၆)ခုနှစ်ဖြစ်ပါသည်။ အချို့သောရဟန်းရှင်လူ ပညာရှင်တို့ဖော်ပြသည့် အနော်ရထာမင်းစော နန်းတက်နှစ်မှာ မြန်မာသက္ကရာဇ်(၃၇၉)ခုနှစ်ဖြစ်နေပြန်ရာ မြန်မာသက္ကရာဇ်နှစ်ခုတို့ ပင်လျှင် (၂၇)နှစ်ခန့်ကွာခြားလျက်ရှိနေသည်ကို တွေ့ရှိပါသည်။ မည်သည့်အတွက်ကြောင့် ဖြစ်ရသနည်းဟု မဝေခွဲနိုင်တော့ပါ။
    ရန်ကုန်မြို့၊ ရာပြည့်စာအုပ်တိုက်မှ ၂၀၀၉ ခုနှစ်တွင်ထုတ်ဝေသည့် ဇိနာလင်္ကာရ မဟာဓမ္မရာဇာ ဂုရု တံဆိပ်တော်ရ ရှင်စန္ဒလင်္ကာ ပြုပြင်စီရင်အပ်သော ''မဏိ ရတနာပုံကျမ်း''၏ စာမျက်နှာ(၃၆)တွင်
-၄-

''သာသနာတော်နှစ် ၁၅၆၁၊ သက္ကရာဇ်(၃၇၉)ခုနှစ်တွင် နော်ရထာမင်းစော မင်းဖြစ်၏''ဟူ၍ ဖော်ပြထားပြီး အောက်ခြေမှတ်စု၌''အနော်ရထာမင်း နန်းတက်နှစ်ကို မြစေတီကျောက်စာအရ အေဒီ-၁၀၄၄ ဖြင့် အတည်ပြု ထားသည်''ဟု ဖော်ပြထားသည်ကို တွေ့ရပြန်ပါသည်။
    အနော်ရထာမင်း နန်းတက်နှစ်ကို အေဒီ-၁၀၄၄ ဖြင့် အတည်ပြုထားသော ''မြစေတီကျောက်စာ'' နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့(၂၀၀၉ ခုနှစ်) စာကိုးအဘိဓာန်၏ စာမျက်နှာ(၉)၌ ''မြစေတီကျောက်စာမှာ သက္ကရာဇ်(၄၇၄)ခန့်က ရေးထိုးထားသောကျောက်စာဖြစ်သည်''ဟု ဖော်ပြထားသဖြင့် ခရစ်နှစ်အရ မြစေတီကျောက်စာသည် အေဒီ-၁၁၁၂ ခုနှစ်မှ ရေးထိုးခဲ့ခြင်းဖြစ်ပါက အနော်ရထာမင်းစော အနိစ္စရောက်ပြီး (၃၅)နှစ်ကြာမှ ရေးထိုးခဲ့ခြင်းဖြစ်ပေမည်။
    မသန်းဆွေ(ကထိက-မြန်မာစာ)၊ မော်လမြိုင်ကောလိပ်(၁၉၇၀-ခုနှစ်)က ဖော်ပြထားသည်မှာ ''ရာဇ ကုမာရ်ကျောက်စာသည် ကျန်စစ်သား အနိစ္စရောက်ပြီးနောက်နှစ်၌ ရေးထိုးခဲ့သည်''ဟု ဖြစ်ပြီး ''သမိုင်းဝင် ပုဂံစေတီပုထိုးများ''(ဦးသန်းဆွေ၊ မြ၀တီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၉၄-ခုနှစ်)စာအုပ်၏ စာမျက်နှာ(၇၆)၌ ''မြစေတီကျောက်စာဟု ခေါ်တွင်ခဲ့ကြ၏။ ကျောက်စာတွင် သာသနာသက္ကရာဇ်(၁၆၂၈)ခုနှစ် လွန်လေပြီး သောအခါက ကျန်စစ်သားမင်းကြီး၏သားတော် ရာဇကုမာရ်သည် ခမည်းတော်သေအံ့မူးမူးအချိန်၌ ကျေးဇူး တော်ကို အောက်မေ့ရည်မှတ်၍ ရွှေဘုရားတစ်ဆူသွန်းလုပ်ကာဋ္ဌာပနာပူဇော်ခဲ့၏''ဟူ၍ ဖြစ်ပါသည်။
    မြစေတီကျောက်စာကို ရေးထိုးခဲ့သူ ရာဇကုမာရ်မင်းသားမှာ အနော်ရထာမင်းစော၏သားတော် ကျန်စစ်မင်းမှမွေးဖွားခဲ့သည့် အနော်ရထာမင်းစော၏မြေးတော်ဖြစ်ပြီး ကျောက်စာကိုရေးထိုးခဲ့သောအချိန်မှာ အနော်ရထာမင်းစော နတ်ရွာစံပြီး နှစ်ပေါင်း(၃၀)ကျော်ခန့်ကြာမှ ရေးထိုးခဲ့ခြင်းဖြစ်ပေမည်။ ဘိုးဘွားတို့၏ အကြောင်းကို မဆိုထားဘိ မိခင်ဖခင်တို့၏အသက်ကိုတောင် မှန်ကန်စွာပြောဆိုနိုင်သူ အလွန်နည်းပါးလှပါ သည်။
အနော်ရထာမင်းစော၏ဇနီး မိဖုရားမြောက်ပြင် သည် ဘုရားကျောက်စာပါခုနှစ်သက္ကရာဇ်တို့နှင့် အနော်ရထာမင်းစော၏မြေး ရာဇကုမာရ် မြစေတီကျောက်စာပါ ခုနှစ်သက္ကရာဇ်တို့ကို ချင့်ချိန်ကြည့်ပါက အနော်ရထားမင်းစော၏နန်းတက်နှစ်မှာ မည်သည်ဖြစ်နိုင်သည်ကို လယ်ပြင်တွင်ဆင်သွားသကဲ့သို့ထင်ရှားစွာ တွေ့မြင်နိုင်မည်ဖြစ်ပါသည်။
    ရှေးဟောင်းသုတေသနဦးစီးဌာနမှ သုတေသနမှူး ဦးသန်းဆွေ၏ ''သမိုင်းဝင်ပုဂံစေတီပုထိုးများ'' စာအုပ်ပါ စာမျက်နှာ(၁၅)တွင် ''ပုဂံမင်းဆက်များဟူ၍ သမုဒ္ဒရာဇ်မင်းမှ စောမွန်နစ်မင်းအထိ ပုဂံမင်းဆက် (၅၅)ဆက်ရှိကြောင်း၊ ပုဂံမင်းဆက်(၄၁)ဆက်မှာ စုက္ကတေးမင်း(သမိုင်းဝင်)ဖြစ်ပြီး (၄၂)ဆက်မြောက်မင်းမှာ ယင်း၏ညီ အနော်ရထာမင်းစော (ကွမ်းဆော်ကြောင်ဖြူမင်း၏သား)ဟု အထင်အရှားဖော်ပြထားပါသည်။
    ပုဂံမင်းဆက်၏( ၄၁ )ဆက်ဖြစ်သော စုက္ကတေးမင်း၏ နန်းတက်နှစ်နှင့် နန်းသက်နှစ်တို့အား   (၉၉၂-၁၀၁၇)ဟု ဖော်ပြထားပြီး (၄၂)ဆက်ဖြစ်သော အနော်ရထာမင်းစော၏ နန်းတက်နှစ်နှင့် နန်းသက် နှစ်တို့အား (၁၀၄၄-၁၀၇၇)ဟု ဖော်ပြထားပြန်သဖြင့် ကိန်းဂဏန်းများချ၍ အဖြေရှာရပြန်သည်။
    (၄၁)ဆက်မြောက်မင်းဖြစ်သည့် စုက္ကတေးမင်းသည် (၁၀၁၇)တွင် နန်းကျပြီး အစဉ်လိုက်ဖြစ်သော (၄၂)ဆက်မြောက်မင်းဖြစ်သည့် အနော်ရထာမင်းစော က မည်သည့်အတွက်ကြောင့် (၁၀၄၄)ခုနှစ်ရောက်မှ နန်းတက်ရပါသနည်း။ စုက္ကတေးနန်းကျပြီး ပုဂံပြည်တွင် အုပ်ချုပ်မင်းလုပ်သူဘုရင်မရှိဘဲ (၂၆)ကျော်၊ (၂၇)နှစ် လောက်အထိ မည်သို့နေထိုင်ကြသနည်း။ မြန်မာ့ရာဇ၀င်၊ ကမ္ဘာရာဇ၀င်များထဲတွင် မင်းလုပ်အုပ်ချုပ်သူ ဘုရင်မရှိဘဲ အနှစ်နှစ်ဆယ်ကျော်ကြာတဲ့အထိ ရပ်တည်နိုင်သောတိုင်းပြည် ရှိကောင်းရှိနိုင်မည်လားဟု စဉ်းစား မိပါသည်။
    အမှန်တကယ် တည်လျှက်ရှိနေသည်ကတော့ ''သစ္စာအဓိဋ္ဌာန်ရွှေစာရံစေတီတော်''ပါ။ စေတီတော် တည်ထားခဲ့သော အချိန်ကာလကို မြန်မာ့စွယ်စုံကျမ်းပါ အထောက်အထားအရ သက္ကရာဇ်(၄၀၀)ခန့်က တည်ထားခဲ့သည်မှာ အမှန်ဟု သက်သေထား၍ဆိုရပါလျှင် အနော်ရထာဘုရင်သည် မြန်မာသက္ကရာဇ်(၄၀၀) မတိုင်မီက နန်းစံခဲ့သည်မှာ မလွဲမသွေဖြစ်ပေမည်။
    ထို့ကြောင့်၊ ထို့ကြောင့် မြန်မာဘုရင် အနော်ရထာမင်းစော နန်းတက်ခဲ့သည်မှာ မြန်မာသက္ကရာဇ် (၃၇၉)ခုနှစ်ဖြစ်နိုင်မည်ဟု စွဲမြဲယုံကြည်မိပါကြောင်း .....။


                                           
                                         နိုင်မောင်မောင်

0 comments:

Post a Comment