Sunday, 8 June 2014

ရွှေမဟာ သို့မဟုတ် ရှမ်းအရှေ့၏ တစ်ခုတည်းသော ကိုယ်ပိုင်အထက်တန်းကျောင်းတော်မဟာသို့ တစ်ခါတစ်ခေါက် ရောက်ရှိခြင်း



၂၀၁၄ ခုနှစ် ဇွန်လ (၄) ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် (၈)နာရီတွင် အထူးဖိတ်ကြားထားသည့်အတွက် စာရေးဆရာတစ်ယောက် အနေဖြင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၏
မိဘဆရာတွေ့ဆုံပွဲသို့ တက်ရောက်ဆွေးနွေးခွင့် ရရှိခဲ့ပါသည်။



 ဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်
ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်၏ ပြောကြားချက်အရ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အစမ်းသင်တစ်နှစ်သင်ကြားခွင့်ရရှိသဖြင့် သင်ကြားခဲ့ရပြီး ယခုနှစ်မှစ၍ မိမိတို့ကိုယ်ပိုင် ရပ်တည်ချက်ဖြင့် နှစ်နှစ်ဆက်လက် သင်ကြားခွင့်ရရှိခဲ့ပါကြောင်း သိရှိရပါသည်။

( ဟောပြောပွဲပုံရိပ် )

စိတ်ဓာတ် စည်းကမ်း ပညာ ဆောင်ပုဒ်နှင့်အညီ ဆရာကြီးအနေဖြင့်လည်း ကျောင်းကို စည်းကမ်းတကျ သင်ကြား ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ အရေးကြီးဆုံး စည်းကမ်းချက်များအဖြစ် ခိုက်ရန်ဖြစ်ပွားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရည်းစားထားခြင်းကိုလည်း အထူး ကြပ်မတ်လျက်ရှိကြောင်း သိရှိရသည်။

( ဦးဘုန်း(ဓါတု)၏ ဟောပြောပွဲပုံရိပ် )

ကျောင်း၏ အပေါ်ဆုံးထပ်တွင် အားကစားကွင်းငယ် ထားရှိလေ့ကျင့်ပြီး သီးခြား
အားကစားကွင်းကြီး တစ်ခုလည်း စီစဉ်လေ့ကျင့်ပေးကြောင်း၊ ကွန်ပျူတာ၊ အင်္ဂလိပ်စကားပြော
တရုတ်စကားပြောနှင့် စာပေတို့ကိုလည်း တွဲဖက်သင်ကြားပေးကြောင်း သိရှိရပါသည်။

( စာသင်ကြားနေပုံ )
ကျောင်းသား ကျောင်းသူများအား အထက်တန်းဆင့်တွင် သီးခြားခွဲခြားပြီး စည်းကမ်းတကျ တက္ကသိုလ်ဝင်တန်း အောင်မြင်ရေး အစီအစဉ်များ ထားရှိခြင်း ညဖက် night study
အစီအစဉ်များဖြင့် အထူးလေ့ကျင့်ပေးခြင်း၊ ရွှေမဟာတွင် ထားရှိပါက ပြင်ပကျူရှင်ထားရှိရန်မလိုဘဲ ကျွမ်းကျင်ထက်မြက်သော ဆရာကြီး ဆရာမကြီးများဖြင့် စည်းကမ်းတကျ သင်ကြားပေးလျက် ရှိကြောင်းကိုလည်း သိရှိရပါသည်။
( ကျောင်းပုံစံ )
ဆရာကြီး၏ ပြောကြားမှုများနှင့်အတူ ကျောင်းသားကျောင်းသူများကို မေးမြန်းသည့် အခါတွင်လည်း ကျောင်းနေပျော်၍ စာတော်ကြကြောင်းတွေ့ရှိရပါသည်။ မိဘဆရာတွေ့ဆုံပွဲ ကျင်းပသည့်နေရာမှာ ကျောင်းအပေါ်ဆုံးထပ်ရှိ အားကစားကွင်းခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် မိဘများစုံလင်သည့်အခါ အခမ်းအနားကို
နိုင်ငံတော်အလံ အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းဖြင့် စတင်ပြီး နိုင်ငံတော်သီချင်းကို တက်ရောက်
လာသူအားလုံးက သီဆိုကြသည်။ ထို့နောက် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း သီချင်းကို ကျောင်းသားကျောင်းသူများက သီဆိုဖျော်ဖြေကြပါသည်။

သီချင်းသီဆိုပြီးနောက် ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့် စာသင်နှစ်၏ ပထမဆုံး မိဘဆရာတွေ့ဆုံပွဲ ကျင်းပရခြင်းကို ရှင်းလင်းပြောကြားပါသည်။ ကျောင်းကြီးတိုးတက်ရေး အတွက် စီမံဆောင်ရွက်နေမှုများ၊ မိဘများပါဝင်ခြင်းအားဖြင့် ပိုမိုအောင်မြင်လာမည့်အကြောင်း ပြောကြားခြင်းစသည်ဖြင့် ကျောင်းဆိုင်ရာများကို အသေးစိတ်ပြောကြား တင်ပြသွားပါသည်။

ပြီးနောက် တက်ရောက်လာသည့် ဧည့်သည်တော်များ ၊မိဘများက မေးခွန်းများမေးမြန်းပြီး ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က အသေးစိတ်ရှင်းလင်း ဖြေရှင်းပေးခဲ့ပါသည်။ ယင်းမေးခွန်းများ အနက်မှ မိဘပြည်သူများ စိတ်ဝင်စားဖွယ်ရာ ပညာရေးအတွက် ရွှေမဟာကိုယ်ပိုင်
အထက်တန်းကျောင်းမှ ကျောင်းနှင့်တူသောကျောင်းတွင် ဆရာနှင့်တူသော ဆရာများက
ကျောင်းသားနှင့်တူသော ကျောင်းသားပညာတတ်များဖြစ်အောင် လေ့ကျင့်သင်ကြားနေခြင်းကို သိရှိပေါ်လွင်စေသည့် မေးခွန်းနှင့်အဖြေအချို့ကို အောက်တွင်ဆက်လက်တင်ပြလိုပါသည်။

အမေး(၁)။    ။ ဆရာကြီးခင်ဗျား၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့်ဘာသာရပ်သင်ကျောင်း
ဘယ်လိုကွာခြားပါသလဲခင်ဗျား။

အဖြေ(၁)။    ။ ကိုယ်ပိုင်အထက်တန်းကျောင်းဆိုသည်မှာ အစိုးရအထက်တန်းကျောင်းများကဲ့သို့ သင်ကြားရေးကို အတန်းစုံဘာသာစုံ ဆရာအစုံအလင်ဖြင့် ကျောင်းတွင် ညအိပ်ဘော်ဒါထားရှိနိုင်ပြီး အတန်းအောင်ပေးနိုင်ခြင်း၊ တီစီထုတ်ပေးခွင်ရှိခြင်းတို့ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်မှ ငွေကြေးထောက်ပံ့မှုတစ်ခုတည်းသာ မရှိခြင်းသာကွာခြားပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ပတ်သတ်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကိုတော့လိုက်နာရ
ပါတယ်။ ဘာသာရပ်သင်တန်းကျောင်းဆိုတာက တကယ်က မရှိပါဘူး။ ဘာသာရပ်သင်
ကိုယ်ပိုင်သင်တန်းသာ ဖြစ်ပါတယ်။ ဘာသာစုံသင်ကြားခွင့်မရှိတဲ့အပြင်(၃)ဘာသာထက် ပိုသင်ကြားခွင့်မပြုတာရယ် သင်တန်းဆရာ(၃)ယောက်ထက်ပိုပြီး သင်ကြားခွင့်မပြုဆိုတဲ့ဥပဒေတွေပါ ပြဌာန်းထားပါတယ်။ တည်ထောင်သူဖြစ်စေ သင်တန်းဆရာကဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်သော်လည်းကောင်း ဘော်ဒါထားခြင်း မပြုရပါကြောင်းလည်း ပြဌာန်ထားပြီးဖြစ်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းတစ်ကျောင်းသာ ရှိပါတယ်။
နိုင်ငံတော်ပညာရေးဌာနကို လိုင်စင်အတွက် အခွန်ပေးဆောင်ရတာမှာလည်း ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာတစ်ဦးကို ကျပ်ရှစ်သောင်းပေးသွင်းလိုင်စင်တင်ရတာဖြစ်ပြီး တည်ထောင်သူအနေနဲ့ကျပ်ရှစ်သိန်းပေးသွင်းရတဲ့အတွက် တစ်နှစ်ကိုနိုင်ငံတော်ကို
သိန်းတစ်ရာနီးပါး အခွန်ပေးဆောင်ရပါတယ်။ ကိုယ်ပိုင်သင်တန်းများကတော့ ကျပ်ငွေ ထောင်ဂဏန်းသာ ပေးသွင်းရတာဖြစ်ပါတယ်။

အမေး(၂)။    ။ ကျောင်းပြောင်းလက်မှတ် တီစီထုတ်ယူတာ ခက်ခဲတယ်လို့သိရပါတယ်။
ဘာဖြစ်လို့လဲ ဆိုတာ သိလိုပါတယ်ဆရာကြီး။
အဖြေ(၂)။    ။ အမှတ်(၂)အခြေခံပညာဦးစီးဌာနအနေနဲ့ ကျောင်းပြောင်းလက်မှတ်ကို အ.ထ.ကတွေနဲ့ မတူဘဲ ကိုယ်ပိုင်အထက်တန်းကျောင်းကို ပုံစံတစ်ခုနဲ့ထုတ်ပေးတာဖြစ်သလို တစ်ခါထုတ်ပေးရင် တစ်အုပ်သာထုတ်ပေးတာဖြစ်ပါတယ်။ အဲ့ဒီစာအုပ်ကိုလည်း မကြာသေးခင်ကမှ ရရှိခဲ့လို့ဖြစ်ပါတယ်။

အမေး(၃)။    ။ ဒုတိယထပ် စာသင်ခန်း ၀ရန်တာ နိမ့်နေတာ အန္တရာယ်ရှိတယ်လို့မြင်ပါတယ်။
အဲ့ဒါလေး ပြင်ဆင်ပေးဖို့ဖြစ်နိုင်မလားခင်ဗျား။
အဖြေ(၃)။    ။  ဟုတ်ကဲ့ပါ။ ပြင်ဆင်ပေးပါ့မယ်။

အမေး(၄)။    ။ ဆရာဆရာမတွေကို အစိုးရက ခန့်ထားတာလား ဆရာကြီး။
အဖြေ(၄)။    ။ မဟုတ်ပါဘူး။ ကြော်ငြာပြီး သတ်မှတ်အရည်အချင်းပြည့်စုံသူတွေကို ရွေးချယ်
ခန့်ထားတာပါ။

အမေး(၅)။    ။  ဆရာ၊ ဆရာမ သက်တမ်းက ဘယ်လောက်ရှိပါသလဲ ခင်ဗျား။
အဖြေ(၅)။    ။ တစ်နှစ်ဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ လိုင်စင်ပြန်တင်ရပါတယ်။ ကျောင်းအကျိုး
ကျောင်းသားကျောင်းသူတွေရဲ့အကျိုးကို ကြိုးစားဆောင်ရွက်တဲ့ ဆရာတွေကို
ဆက်လက်ခန့်ထားတာ ဖြစ်ပါတယ်။

အမေး(၆)။    ။  ရွှေမဟာကျောင်းက ဖယ်ရီကို တစ်လ ဘတ်၆၀၀ပေးရပြီး ကြပ်တယ်လို့ထင်
ပါတယ်။
အဖြေ(၆)။    ။ ဟုတ်ကဲ့ပါ။ ဖယ်ရီကား(၃)စီးရှိပါတယ်။ ထပ်မံတိုးချဲ့ပြီး ဆောင်ရွက်သွားပါ့မယ်။

အမေး(၇)။    ။ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဘယ်လိုစီစဉ်ထားပါသလဲရှင့်။
အဖြေ(၇)။    ။ ကျောင်းရုံးခန်းမှာ စစ္စတာကြီးတစ်ဦး ထားရှိပြီး ဆေးဝါးအစုံအလင်နဲ့အခမဲ့ကုသ
ပေးပါတယ်။ ကျောင်းအဆင့်နဲ့ အဆင်မပြေရင် ဆရာဝန်ဆီပြသပေးမှာဖြစ်ပြီး အဲ့ဒီ ကုန်ကျစရိတ်ကိုတော့ လကုန် လစာသွင်းရင် ဆေးဖိုးပါ ရှင်းပေးဖို့ စီစဉ်ထားပါတယ်။

အမေး(၈)။    ။ ဆေးလိပ်သောက်သုံးတဲ့ကျောင်းသားရှိတယ်လို့ သတင်းရရှိပါတယ်။
ဘယ်လိုဖြေရှင်းထားပါသလဲခင်ဗျား။
အဖြေ(၈)။    ။ ကျွန်တော်တို့တော့ လုံးဝမတွေ့သေးပါ။ ကျောင်းသားအားလုံးနဲ့မိဘများ
ပါဝင်ကူညီမှသာ ဖြစ်မှာပါ။ တွေ့ခဲ့ရင်တော့ အရေးယူပေးပါ့မယ်။

အမေး(၉)။    ။  (၂၂.၅.၁၄) ရက်နေ့ ပေါ်ပြူလာနယူးစ်ဂျာနယ်မှာပါတဲ့ ဆရာကြီးနဲ့အင်တာဗျူး
နဲ့ပတ်သတ်ပြီး ဘာပြောချင်ပါသလဲခင်ဗျား။
အဖြေ(၉)။    ။  ကျောင်းရဲ့ ဂုဏ်သိက္ခာညိုးနွမ်းမှာစိုးတဲ့အတွက် တင်ပြရတာဖြစ်ပါတယ်။ သူလည်း
အခုမရှိတော့ပါဘူး။ တက္ကသိုလ်ဝင်တန်းအောင် အောင်လုပ်ပေးမယ်ဆိုပြီး ငွေသိန်းချီယူခဲ့လို့ဖြစ်ပါတယ်။ကျောင်းအုပ်ကြီးနဲ့ အခြားဆရာဆရာမများကို သံသယရှင်းစေလိုတာရယ် စာမေးပွဲအောင်မြင်မှုကို ငွေနဲ့ပေး ၀ယ်ယူလို့မရဘူးဆိုတာ သိစေချင်လို့ပါ။

စာရေးသူအနေဖြင့် ယခု ၂၀၁၃-၂၀၁၄ စာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရွှေမဟာ ကိုယ်ပိုင် အထက်တန်းကျောင်း၏ အောင်မြင်နိုင်မှုအခြေအနေကို မေးမြန်းသည့်အခါ စမ်းသပ်တစ်နှစ် ကာလဖြစ်သဖြင့် အကောင်းဆုံးအား မမျှော်လင့်ထားပါကြောင်း နိမ့်ကျသည့် အောင်ချက် မဖြစ်စေရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားသင်ကြားပေးခဲ့ပါကြောင်း တိုက်ရိုက်ဖြေကြားခဲ့ပါသည်။

ပွင့်လင်းမြင်သာသော ခေတ်တွင် ပွင့်လင်းမြင်သာစွာဖြင့် ရွှေမဟာ၏ တွေ့ဆုံပွဲတွင်
မေးမြန်းခဲ့သော မိဘဆရာ အမေးအဖြေများက တိုးတက်လာမည့် ပညာရေးအခြေအနေများကို
သိသာနေသည်မို့ ရှမ်းအရှေ့၏ တစ်ခုတည်းသော ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း ယခုထက် ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဆောင်းပါးကို နိဂုံးချုပ်အပ်ပါသည်။

 ဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်
၇.၆.၁၄ တာချီလိတ်အွန်လိုင်းစာမျက်နှာတွင် ဖော်ပြခဲ့သောဆောင်းပါးအားစာရေးသူကိုယ်တိုင်
ထပ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

0 comments:

Post a Comment