Showing posts with label တက္ကသိုလ်ရသစာစုများ. Show all posts
Showing posts with label တက္ကသိုလ်ရသစာစုများ. Show all posts

Wednesday, 16 September 2020

အတိတ်တက္ကသိုလ် အလွမ်း(၂)

 

ရာဘာတောမှာ
Practical အပြီး
အားပေးကြမြဲ
ဘူးသီးကြော်ဆိုင်တွေလည်း
သတိရဆဲပါဘဲကွယ်။
သီရေတာ T အခန်းဟာ
ကိုယ့်အခန်းမဟုတ်လည်း
သွားရောက်လေ့လာ ပျော်ခဲ့ကာ
ကိုယ့်မေဂျာနဲ့ မဆိုင်လည်း
ထိုင်ခဲ့ဖူးတာပါဘဲ။
ထူးအိမ်သင်ရဲ့
တစ်နေ့နေ့တော့ချစ်လာလိမ့်မည်
သီချင်းပေါ်စ
စိတ်ကူးယဉ်ကြတဲ့
လူငယ်တွေထဲ
ကျွန်တော်လည်း ပါဝင်ဖူးပါတယ်။
ခင်မင်တဲ့သူငယ်ချင်းတွေနဲ့
ရန်ကင်းကို ကားမစီးဘဲ
လမ်းလျှောက်လို့ အိမ်ပြန်ရင်းနဲ့
ကဗျာတွေ၊သီချင်းတွေဖလှယ်ရင်း
ပျော်ခဲ့ကြဖူးတယ်။
အားလပ်ချိန်‌တွေမှာ
ထိုင်လေ့ရှိတဲ့ ကျောင်း‌ဈေးတန်းကို
ကိုယ့်စိတ်မှာ တမ်းတမိတာက
အတူတူထိုင်ဖူးတဲ့
ဆိုင်လေးတစ်ဆိုင်
ပြီးတော့ ......
အတူတူဆောင်းဖူးတဲ့
ထီးလေးတစ်ချောင်း။
ကျောင်းကွေ့က ပင်ကုက္ကိုတွေ
ခုထိကို ရှိနေပေးတာ
ကျေးဇူးပါကွယ်။
သင်ဟာ
RC2 လိမ္မော်ရောင်ကောလိပ်ရဲ့
အတိတ်နိမိတ်အဖြစ်
တို့ရင်မှာ အမြဲဘဲရှိချင်လှပါတယ်။

ဆံပင်ရှည်ရှည်
မြင်ကာလေတိုင်း
သူရယ်ပေလား
အပြေးသွားကြည့် ဆိုသလို
ကျောင်းကွေ့၏ ထိုတစ်နေရာ
ရောက်တိုင်း ရောက်တိုင်း
ကလေးဘ၀ အလွမ်းရိုင်းတွေ
ရင်မှာလှိုင်းထပ်ရတာ
အခါခါပါဘဲ။
ပြန်မရနိုင်တော့တဲ့အချိန်
ပြန်မရနိုင်တော့တဲ့ဘ၀
ဘယ်ကာလမှာဘဲ ဖြစ်ဖြစ်
ကျောင်းကွေ့နဲ့ ကုက္ကိုပင်ကြီး‌တွေ နားကိုရောက်တိုင်း
အင်းလျားလေးကန်ကို ဖြတ်ကျော်တိုင်း
အေဒီလမ်းထိတ်ကို တွေ့တိုင်း
မမေ့နိုင်တဲ့ ရန်ကုန်တက္ကသိုလ်
လှိုင်နယ်မြေ အာစီတူးရယ်
အမြဲသတိရလျက်ပါကွယ်။
မှိုင်း(ဓာတု)
ဆက်လက်ခံစားရေးသားပါမည်။

Tuesday, 15 September 2020

အတိတ်တက္ကသိုလ် အလွမ်း(၁)

 


လွန်ခဲ့တဲ့(၃၄)နှစ်

၁၉၈၆ခု ဒီဇင်ဘာလ(၁)ရက်နေ့က

ဤတက္ကသိုလ်မှာ
ဆယ်ကျော်သက်လူငယ်လေးတစ်ဦး
ပထမနှစ်(ဓာတုဗေဒ)
ကျောင်းသားသစ်ဘဝနဲ့
ပျော်ခဲ့ဖူးပါတယ်။
သရီးအိုတူးတူးအခန်း
မမေ့စတမ်းပါဘဲ။
Fresher Welcome
ကလည်း သူ့ခေတ်နဲ့သူ့အခါ
စည်ကားနေလိုက်တာ
မေဂျာအလိုက်ကော
အနုပညာအသင်း
အားကစားအသင်း
စတဲ့စတဲ့ အဖွဲ့ပေါင်းများစွာနဲ့
ကြိုဆိုနေလိုက်တာ
အထကအဆင့်ဘဲ
သိခဲ့တဲ့လူငယ်လေး
အလှရွှန်းစို မြကျွန်းညိုမှာ
ပျော်ခဲ့ဖူးပါတယ်။
ကဗျာတွေလည်း
ရေးဖြစ်ခဲ့တယ်၊
တက္ကသိုလ် အဖွဲ့အစည်း
တွေမှာလည်း ပါရင်း
တက္ကသိုလ်ကနေ
အိမ်ပြန်ရမှာကို
စိုးကြောက်မိသူထဲက
တစ်ယောက်အပါ
ကျွန်တော် ဖြစ်ခဲ့ပြန်ပါတယ်။
ကျောင်းကွေ့ကနေ
တစ်စုံတစ်ရာကို
မျှော်နေတတ်သူလည်း
ဖြစ်ခဲ့ဖူးသလို
တက္ကသိုလ်ကျောင်းက
သူငယ်ချင်းဘဝ
အထက်တန်းကျောင်းသားဘဝထက်
ပွင့်လင်းတဲ့ ပျော်ရွှင်ကြည်နူးမှုလည်း
ရရှိခဲ့ဖူးတယ်။
အင်းလျားလေးကန်နဘေးက
ခရေပင်ပုလေးတွေ အောက်မှာ
ထိုင်ရင်း ပျော်ကြနောက်ကြ
အနာဂတ်ဘဝတွေကို မေ့လို့
စိတ်ချမ်းမြေ့မှုတွေ
ပြည့်ဝခဲ့ဖူးတယ်။
မမေ့နိုင်တဲ့ ရန်ကုန်တက္ကသိုလ်
လှိုင်နယ်မြေ အာစီတူးရယ်
အမြဲသတိရလျက်ပါကွယ်။
မှိုင်း(ဓာတု)
ဆက်လက်ခံစားရေးသားပါမည်။