မြတ်မျိုးမြင့်မာန် ၏ http://myatmyomyintm2013.blogspot.com/ ဘလော့မှ ထပ်ဆင့်ဖေါ်ပြပါသည်။
ပထမအကြိမ်ဆောင်းပါးတွင် စာရေးသူအနေဖြင့် ကျောင်းအုပ်ကြီးများ၏ အခန်းကဏ္ဍ အရေးပါပုံအား မိမိကိုယ်တွေ့နှင့်ယှဉ်၍ အကျဉ်းတင်ပြခဲ့ခြင်းဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင်မူ ကျောင်းအုပ်ကြီး၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ဆရာဆရာမများ၏ အခန်းကဏ္ဍအား ဆက်လက်ဖော်ပြပါမည်။ ပညာရေးဌာမှခံယူရန်ဆောင်ပုဒ်တစ်ခုအဖြစ် စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ ကို အတိအလင်းဖော်ပြပြီး ပုံဖော်လျှက်ရှိပါသည်။ ယင်းဆောင်ပုဒ်တွင် အစဉ်အလိုက်ဖေါ်ပြထားခြင်းမှာလည်း အင်မတန်သင့်လျော်ပါသည်။ သာမာန်လူသားတစ်ဦးပင် စည်းကမ်းမည်မျှကောင်းစေကာမူ၊ ပညာမည်မျှ ထူးချွန်စေကာမူ အရေးကြီးဆုံးစိတ်ဓာတ်အဆင့်အတန်း နိမ့်ကျပြီး မှန်ကန်သောခံယူချက်များကို သံမဏိနှလုံးသားဖြင့် ခိုင်မြဲစွာ ကျင့်သုံးခြင်းမရှိပါမူ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးအခြေအနေများကိုဖန်တီးပေးနိုင်မည့်သူဟုယုံကြည်စိတ်ချနိုင်မှုရှိမည်မဟုတ်ချေ။
ကျွန်တော်၏ကျောင်းတွင် အထွေထွေလုပ်သား (သိပ္ပံ ဘွဲ့ရ) အမျိုးသမီးတစ်ဦး တာဝန်ကျဖူးပါသည်။ ဘွဲ့ရပညာတတ်ဖြစ်ခြင်းနှင့်ပြည်နယ်အစွန်အဖျား ၀န်ထမ်းမလုံလောက်သည့်ကျောင်းဖြစ်သည်နှင့်အညီ သင်ကြားရေးတာဝန်ပေးအပ်ခဲ့ပါသည်။ မူလတန်းပြ၊အလယ်တန်းပြဆရာဆရာမများကြားတွင် မျက်နှာမငယ်အောင် အားပေးရင်း သင်ကြားရေး နှင့် တကွ ကျွန်တော့်ကျောင်း၏ စနစ်တကျစီမံခန့်ခွဲမှု အခြေအနေများကိုပါ လိုက်နာဆောင်ရွက်နိုင်ခဲ့ပါသည်။ သင်ကြားရေး ကောင်းမွန်မှုကိုတွေ့ခဲ့ရပြီးကလေးများအတွက် တာဝန်ပေးရကျိုးနပ်သည်ဟု
ဝမ်းသာခဲ့ရပါသည်။ အဆိုပါအထွေထွေလုပ်သား အမျိုးသမီးသည် ၄င်း၏ ပညာအရည်အချင်းအရ အဆိုပါကာလတွင် ဆွဲခန့် မူလတန်းပြဆရာမအဖြစ်ခန့်အပ်ခြင်းခံရပါသည်။ မူလတန်းပြလုပ်သက် ရရှိလာသောအခါ သူ၏လျှောက်ထားမှုအရ ပညာရေးဌာနမှမူလတန်းကျောင်းအုပ်အဖြစ် တာဝန်ပေးခံရပါသည်။ကျွန်တော် အုပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်သော အုပ်စု၏ ကားလမ်းဘေးမဟုတ်သော၊အတွင်းပိုင်းကျသည့် ဖွံ့ဖြိုးမှု လိုအပ်နေသေးသောတိုင်းရင်းသားကျေးရွာတစ်ရွာတွင် တာဝန်ကျပါသည်။
သူတာဝန်ကျသည့် ကျေးရွာမှ လူကြီးများသည်လည်းကောင်း၊ရွာသားများသည် လည်းကောင်း ကျွန်တော့်ထံ ၀င်ထွက်သွားလာ အကြံဥာဏ်တောင်းနေကြသူများဖြစ်ကြပါသည်။ သူစတင်တာဝန်ကျချိန်တွင်လည်း တပည့်ဟောင်းလည်း ဖြစ်ခဲ့ဖူးသည့်အတွက် အလုပ်အား စေတနာပါပါလုပ်ရန်နှင့် သင်တန်းများပါတက်ရောက်ပြီးသူဖြစ်သည့်အတွက် ကျောင်းအုပ်ကြီးကောင်းပီသရန် ဆုံးမခဲ့ပါသည်။ သို့သော်လည်း သူရောက်ရှိပြီးမကြာမီပင် ၄င်းကျေးရွာမှ ကျွန်တော့်ထံအကြိမ်ကြိမ် သူ၏ သတင်းဆိုးများကို ပြောကြားလာပါသည်။ ယခင်က တာဝန်ယူခဲ့သော ကျောင်းအုပ်ဆရာမကြီး၏ တစ်ဝက်ပင်မမီကြောင်း သူ့ကြောင့်
ရွာလူကြီးများ၊ရွာသားများ၊မိဘများ စိတ်ဓာတ်ကျနေကြကြောင်းတိုင်ကြားလာပါသည်။
ကျွန်တော့်အနေဖြင့်လည်း သူရောက်ရှိပြီး ကာလပိုင်းတွင် ရန်ကုန်တွင် unicef နှင့်ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဗဟိုအဆင့်သင်တန်းတစ်ခုတက်နေရသဖြင့်လည်းကောင်း ၊ပြန်လည်ပို့ချရာတွင် ပါဝင်နေ၍လည်းကောင်း သူတာဝန်ကျရာရွာသို့ မရောက်ရှိခဲ့သေးပါ။ ယခုကဲ့သို့ပြောကြားလာသဖြင့် ကျွန်တော် မနေသာသဖြင့် ၄င်းကျေးရွာသို့ရှောင်တခင် သွားရောက်၍ ကြီးကြပ်ခဲ့ပါသည်။
ဒေသခံရွာမှ ပြောသည်မှာ မမှားပါ။ မှန်လွန်းနေပြီး သူ၏ဆရာဖြစ်ခဲ့သော ကျွန်တော့်မှာ အံ့သြခဲ့ရပါသည်။ ကျောင်းစုဝေးပွဲမကျင်းပခြင်း၊ ခေါင်းလောင်းရှိပါလျက်မထိုးခြင်း၊ ကျောင်းဆင်းနိုင်ငံတော်သီချင်းမဆိုခြင်း၊ ကျောင်းတက်ချိန်ဆင်းချိန် မမှန်ခြင်း၊ ကလေးများအားစစ်ဆေးရာတွင် ဌာနမှလမ်းညွှန်ချက်အတိုင်းမဟုတ်ဘဲ ဖြစ်သလို သင်ကြားနေခြင်း၊ ဌာနမှလမ်းညွှန်ထားသည့်မှတ်တမ်းမှတ်ရာများဆောင်ရွက်ထားမှုမရှိခြင်း၊အဆုံးစွန်ကျောင်းတက်ကျောင်း
တက်ကျောင်းဆင်းလက်မှတ်ထိုးစာအုပ်၊ကျောင်းခေါ်ကြိမ် လုံးဝမရှိခြင်း စသည့်ကြီးမားသည့်အမှားပေါင်းများစွာကို ဆောင်ရွက်နေကြောင်းတွေ့ခဲ့ရသည်။
ကျောင်း၏ဥပဓိရုပ်ပိုင်းမှာလည်း ထိန်းသိမ်းမှုမရှိခြင်းအပြင် ၊စိမ်းလန်းစိုပြည်ရေးကို ယခင်အခြေအနေကိုပင် မထိန်းသိမ်းနိုင်ကြောင်းတွေ့ခဲ့ရသည်။
၎င်းအခြေအနေများ နောက်တစ်ကြိမ်တွင် မတွေ့မြင်လိုကြောင်း ၀န်ခံကတိပြုစေပြီး ထပ်မံတွေ့ရှိရပါက ဆက်လက်တင်ပြ၍ အရေးယူမည်ဖြစ်ကြောင်းမှာကြားခဲ့ပါသည်။ ဆုံးမသည့်အခါတွင်မှ လိုက်နာဆောင်ရွက်သဖြင့် အခြေအနေများ ပြန်လည် ကောင်းမွန်လာခဲ့ပါသည်။
ကျောင်းကောင်းကောင်းတွင် စနစ်တကျ မျက်ဝါးထင်ထင် လေ့ကျင့်သင်ကြားခွင့်ရရှိခဲ့ပါသည်။သို့သော် အထက်တွင် ပြဆိုခဲ့သော စိတ်ဓာတ်မှာမှန်ကန်မှုရှိနေမှ သာ အရာရာအဆင်ပြေမည်ဖြစ်သည်။ မိမိ၏အကြီးအကဲကို လေးစား၍ဖြစ်စေ၊ကြောက်၍ဖြစ်စေ အလုပ်ကိုကြိုးစားခြင်းထက်လက်ရှိမိမိလုပ်နေသောအလုပ်သည် မှန်ကန်ပြီး အမြဲလုပ်သင့်သည်ဟု သူ့အနေဖြင့်မမြင်ခဲ့၍ပင်ဖြစ်ပေမည်။ အရေးကြီးသော စိတ်ဓာတ်၊ ထိုစိတ်ဓာတ်ထဲတွင်
အတန်းတစ်တန်းကို ဦးဆောင်နေရသော လမ်းပြနေရသောဆရာစိတ်ဓာတ် မမှန်ကန်ခဲ့ပါမူ အနာဂတ်ကို ဦးဆောင်မည့် အတန်းတစ်တန်းစာကလေးများ လမ်းမှားရောက်မှာစိုးရိမ်မိပါသည်။
ကျွန်တော့်ထက်လုပ်သက်ရင့်သောပင်စင်ယူသွားပြီးဖြစ်ကြသောပညာရေးဝန်ထမ်းဆရာကြီး၊ဆရာမကြီးများလည်း
အကြိမ်ကြိမ်ရေးခဲ့ဖူးပါသည်။နုနယ်သောကျောင်းသားကျောင်းသူလေးများသည် မိဘထက်ပင် ဆရာသမားကိုခင်တွယ်လေ့ရှိကြပြီး ဆရာ့ဟန်ပန်မူရာကိုပင် အတုခိုးတတ်ကြသည်။
ကျွန်တော့်အနေဖြင့် ကျောင်းဆရာပေါက်စဘ၀က ပုဆိုးဝတ်လျှင် အမျိုးမျိုးဝတ်တတ်သလို၊ ဆံပင်ကိုလည်း ပုံစံပေါင်းစုံ လုပ်တတ်သည်။ ယင်းကိုပင်ကျောင်းသားများ ရအောင် အတုခိုးကြသည်။ ကျောင်းဆရာပေါက်စဘ၀က လွယ်အိတ်အမြဲလွယ်တတ်သည်။လွယ်လျှင်လည်း ပုံစံမျိုးစုံလွယ်တတ်သည်။ကျောင်းသားများက ဆရာဒီနေ့ဒီလိုလွယ်လျှင် သူတို့လည်းဒီလိုလွယ်သည်။ ဟိုလိုလွယ်လျှင် သူတို့လည်းဟိုလိုလွယ်သည်။ဤမျှပင် ဆရာ့အပေါ်အထင်ကြီးလေးစားစိတ်ရှိသော ဆရာသည် စိတ်ဓာတ်၊ခံယူချက်နည်းပါးလျှင် ကလေးများစွာအတွက် ရင်လေးမိပါသည်။
ထို့ကြောင့် ကြုံတိုင်းပင်ကျောင်းသို့ရောက်ရှိလာကြသည့် တပည့်အသစ် ဆရာဆရာမများအား တကယ့် ဥပမာများစွာဖြင့် အမြဲဆုံးမမိသည်။
ဥယျာဉ်မှူးကောင်းတွေ ဖြစ်စေချင်သည့်အတွက်လည်း ဆုံးမခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးက ဆရာဆရာမများကိုလည်း အဲ့ဒီလိုဖြစ်စေချင်သည်။
မည်သို့ပင်ဖြစ်စေချင်ကာမူ တကယ်တာဝန်ယူနေကြသော ဆရာဆရာမများ ကိုယ်တိုင်လက်ခံကျင့်သုံးမှသာအောင်မြင်မည် ဖြစ်ပါသည်။
ဤဆောင်းပါးတွင် နိဂုံးချုပ်တင်ပြလိုသည်မှာ ဆရာဆရာမများသည် မြတ်စွာဘုရားမိန့်ကြားဖူးသည်နှင့်အညီ ဆိတ်ကွယ်ရာမရှိဆိုသည်ကို နားလည်လက်ခံပြီး မှန်ကန်သောခံယူချက်များဖြင့် မိမိအားချီးမြှင့်မည့် အကြီးအကဲ အနီးအနားတွင် မရှိစေကာမူ အများအကျိုး ဒေသအကျိုးအား သယ်ပိုးလိုသောစိတ်ဖြင့်ရောက်ရှိတာဝန်ထမ်းဆောင်သောနေရာတွင် ကိုယ့်ကျိုးစွန့်အနစ်နာခံပြီးဆောင်ရွက်စေလိုပါသည်။
ထို့ပြင်ကြီးကြပ်မှု စဉ်ဆက်မပြတ် ရှိခြင်းသည်လည်; ပညာရေးဌာန၏အရေးကြီးသောလုပ်ငန်းတာဝန်
တစ်ခုဖြစ်ပါကြောင်း သုံးသပ်တင်ပြလျက် နိဂုံးချုပ်အပ်ပါသည်။
ဆောင်းပါးရှင် ။ မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment