လောကဇာတ်ခုံအဖုံဖုံ(၂)
+ ငယ်စဉ်ကာလ နုပျိုစ တွင်
ရွာမှ အလှူ လိုက်လံကူရင်း
ချစ်သူဝိုင်းကာ ပျော်စရာပေါ့
ရွာ၏တန်ဆောင် အလှဆောင်သည့်
“ကွမ်းတောင်ကိုင်မ” ကျမ ဘ၀သည်
လှချင်တိုင်းလှနေတော့သည်။
+ နုနယ်ပဂေး နှစ်ဆယ့်လေးတွင်
လေးအိမ်တန်းနေ “ကိုလှရွှေ” မှ
ရွှေတစ်ဆင်စာ မြပုဝါ နှင့်
စုံရာလူကြီး ခေါ်ယူပြီးလျှင်
ဇနီးလောင်းလျာ လက်ခံပါဟု
တောင်းတာကိုလည်း လက်မခံ။
+ အရွယ်တွက်ဆစ် နှစ်ဆယ့်ရှစ်မှာ
ကွက်သစ်ထဲနေ “ ကိုအောင်ဖေ” က
လယ်မြေများစွာ ကျွဲ နွားပါလျှက်
စုံရာလူကြီး ခေါ်ယူပြီးလျှင်
ဇနီးလောင်းလျာ လက်ခံပါဟု
တောင်းတာကိုလည်း လက်မခံ
+ သုံးဆယ်ကျော်စ သမယမှာ
မိဘပေးစား ရွာလယ်နားက
ပွဲစား “ ကိုသာ ” ရောက်လို့လာလည်း
မျက်နှာပုတ်သိုး အရုပ်ဆိုးပြီး
ဇိုးသမားပြောကာ နှင်လွှတ်ပါသည်
ချိန်ခါကာလ ကြာခဲ့ပြီ ။
+ အရွယ်ကောင်းလွန် သုံးဆယ့်ခွန်မှာ
ခေါ်ကာသွားကြ “မရဏ” က
မိဘနှစ်ပါး “လ”ပိုင်းခြားလို့
အားကိုးဆိုတာ မရှိပါပေါ့
မျက်နှာငယ်ငယ် လောကလယ်တွင်
တစ်ပင်ထည်းထည်း အပျိုကြီးသည်
ငိုညည်းလျှက်သာ ကျန်ခဲ့သည်။
+ လေးဆယ်ကျော်စ သမယမှာ
ညရေးညတာ အားကိုးရာမဲ့
ခင်ရာဆွေမျိုး အားမကိုးရ
ကျမဘ၀ မှာ အားကိုးရှာဖို့
ရွာမှာ လိုက်ရှာ ရတော့သည်။
+ ငယ်စဉ်ကာလ လာတောင်းကြသည့်
“လှရွှေ” “အောင်ဖေ” မြေး ရနေကာ
“ကိုသာ ” မူကား ရွာမြောက်ဖျားတွင်
“မမြခင်” နှင့် ယူပြီးနှင့်တာကြာ ခဲ့ပြီ။
+ နောက်ဆုံးကြံရာ မရတာမို့
ရွာဦးကျောင်းထွက် “ငါးပိချက်” ဟု
နှုတ်ထွက်သညာ “ ဦးဝါယမ ”
“လူ”နာမတော့ “သာလှ” ခေါ်တွင်
ကျမလင်သည်
အိမ်ဦးခန်းတွင် ရောက်တော့သည်။
+ သင်္ကန်းဝတ်တာ နှစ်ဆယ်ဝါ မို့
ရ ခါစမှာ ခေါ်လိုက်တာက
“ဒကာမ” တဲ့
ကျမ သတ်သေချင်မိသည်။
+ ဘုန်းကြီးလူထွက် “ငါးပိချက်”မို့
လက်သမား ပညာ ဘယ်လိုဟာလဲ
တံငါအလုပ်ဆို “အကုသိုလ်”တဲ့
ပွဲစားဆိုတာ လူလိမ်ညာမို့“
မုသာဝါဒ ကျူးလွန်ကြသတဲ့
ပန်းရံလိုက်ပါ ပြောတာကြာလဲ
အုတ်ခဲ မနိုင် မသယ်နိုင်တဲ့
ထိုင်စား လို့သာ နေတော့တာမို့
သညာ နာမ
”၀ါယမ” မို့သာ တော်တော့သည်။
+ မိဘနှစ်ပါး အမွေထားသည့်
စီးပွါးဥစ္စာ ကုန်ဆုံးပါပြီ
သေရာမှသာ “ထ” ကြည့်ပါတော့
နှစ်ဖြာ မိဘ ခေါ်မြည် “တ” လို့
ကျမ ဘ၀ ဆုံးပါပြီ ။
ရဲထွဋ်ခေါင်
(စာရေးသူ စိတ်ကူးဇာတ်လမ်းသာ ဖြစ်ပါသည်။)
0 comments:
Post a Comment