လောကဇာတ်ခုံ အဖုံဖုံ
- - တစ်ပင်လဲမူ တစ်ပင်ထူဟု
ရှေးမူစကား လေးထားလျက်
ယောက်ကျားဆုံးတာ သိပ်မကြာခင်
နောက်တစ်လင်ကို ရွာတွင်လိုက်ရှာ
နောက်ဆုံးမှာတော့ ရွာမှာထင်ရှား
ဘုရားဒကာ သညာခေါ်တွင်
“ဦးဘခင်” သည်
ကျမချစ်လင် ဖြစ်တော့သည်။
-
အရှေ့အနောက်
တောင်မြောက်ရှိအိမ်
ခုနစ်အိမ်ထိ အသိအမှတ်
ပြုပြီးလတ်သော် ရပ်ရွာဆိုရိုး
ပုဆိုးတန်းတင် တရားဝင်ပြီ
တစ်ပင်ထူလို့ပြီးလေပြီ။
- ထူတဲ့တစ်ပင်
ဦးဘခင်သည်
နေ၀င်မိုးချုပ် အလုပ်မရှာ
ရွာရိုးကိုးပေါက် ခြေလျင်လျှောက်လျက်
ထန်းလျက် လက်ဖက် ပွဲတော်တက်နေ
“တေမိ” စကာ၊ ဝေဿန္တရာ”အဆုံး
ဆယ်ဇာတ်လုံးကို ပတ်ကုံးစီကာ
ဟောတော့ပါသည်
တော်ပါတော့ဟု ဆိုကြသည်။
-
ဇနက္ကထုံး
နှလုံးမူရန်
လုံ့လသန်ဖို့ ဖန်တစ်ရာတေ
ဟောပြောနေငြား သူကားထိုင်ရာ
“မထ”ပါတဲ့ အိမ်မှာမယား
ဘာနဲ့စားဟု လားလားမျှပင်
စိတ်မ၀င်စား ဘုရားလောင်းဗုဒ္ဓ၀င်
ဇာတ်တော်စင်ကို
အိမ်စဉ်လှည့်ကာ ဟောတော့သည်။
-
ကျမဖြစ်အင်
နောက်တစ်ပင်သည်
လင်ယူမိတာ မှားမိပါပေါ့
မြည်ကာငိုကြွေး ရင်မအေးရ
ဖြစ်သမျှအကြောင်း အကောင်းချဉ်းပင်
စိတ်မှတ်ထင်ကာ ၀မ်းစာရေးတွက်
ခေါင်းရွက်ဗျက်ထိုး ရွာရိုးကိုးပေါက်
ခြေလျင်လျှောက်လျက် “ကန်းစွန်းရွက်”စကာ
“မြင်းခွာရွက်”အဆုံး ဆယ်မျိုးလုံးကို
လူလုံးမလှ နွမ်းလျလျဖြင့်
ရောင်းချလို့သာ ၀င်ငွေရှာသည်
ဘုရားဒကာကြီး သိပါစေ။
ရထွဋ်ခေါင်
(စာရေးသူ၏စိတ်ကူးမျှသာဖြစ်ပါသည်။ အမည်တူတိုက်ဆိုင်မှုများရှိပါက
ခွင့်လွှတ်ပါရန်တောင်းပန်ပါသည်။)
0 comments:
Post a Comment