Tuesday, 9 July 2013

စဉ်းစားကြည့်ကြရအောင်
နိုင်ငံတကာရဲ့ နံမည်ဂုဏ်သတင်းနဲ့ပတ်သက်တာ.........၊
ဂျာမန်တွေဆိုရင်..
ထုတ်လုပ်သမျှစိတ်ချရတယ်၊အရည်အသွေးကိုချပြီး ဈေးချရောင်းတာမျိုးမလုပ်ဘူး၊
made in Germany ဆိုရင်စိတ်ချလိုက်တော့၊အဲသလိုနံမယ်မျိုးရအောင်လုပ်တယ်၊
အင်္ဂလိပ်ဆိုရင်ရော....၊
တိကျတယ်၊အချိန်လေးစားတယ်၊ ကတိတည်တယ်၊စည်းကမ်းရှိတယ်၊
ဒီတော့လဲနေမ၀င်အင်ပါယာဖြစ်ခဲ့တာပေါ့၊
ဒို့အာရှမှာရော၊ တောင်ကိုးရီးယား ဆို အလုပ်သိပ်လုပ်လွန်းတဲ့လူမျိုး၊မပျင်းဘူး၊
ရေသာမခိုဘူး၊ အလုပ်ဆို ဇွဲခတ်တဲ့လူမျိုးအဖြစ် နံမယ်ကြီးတယ်၊
သည်တော့ကာ ဒို့ လူမျိုးရဲ့ အခြေအနေကို မျက်လုံးဝင့်မိတာပေါ့၊
ဘာလဲ၊ ဒို့လူမျိုးရဲ့ အထိမ်းအမှတ်က ဘာဖြစ်မလဲ..၊
ထုတ်လုပ်တဲ့ဟာတွေစိတ်ချရသလား၊ ဒီမှာစမေးရမှာက
ဗမာတွေဘာထုတ်လုပ်သလဲ၊ ရွာလွတ်ကဆေးတံလား၊တုတ်ကောက်လား၊
ကောင်းသလားပေါ့၊ မဆိုးပါဘူး လုပ်နိုင်သလောက်တော့လုပ်တာပဲလို့ပဲဖြေရမယ်၊
ဒါပေမဲ့လဲမဟုတ်သေးဘူး၊ တိကျတဲ့ နိုင်ငံတကာစံနဲ့ချိန်ထိုးပြီးကြည့်ရင်
မဟုတ်သေးဘူး၊ စံမ၀င်သေးဘူး၊
ဒီတော့ ကတိတည်သလား၊အချိန်တိကျသလား၊စည်းကမ်းရှိသလား၊
အလုပ်ကိုဇွဲခတ်လုပ်သလား၊ မဟုတ်သေးဘူး၊ အားမရသေးဘူး၊
ကြိုးတော့ကြိုးစားခဲ့တာပဲ၊ ဇော်ဝင်းထွဋ် က '' မဟာ'' ဆိုတဲ့သီချင်းနဲ့ အုတ်ပုံကြီးဖြစ်နေတဲ့
ပုထိုးတော်ကြီးရှေ့မှာ အားနဲ့မာန်နဲ့ လက်မောင်းကြွက်သားထုတ်ပြနေတာကြည့်ပြီး
နေရထိုင်ရခက်လို့စပ်ဖျင်းဖျင်းဖြစ်ရသေးတယ်၊ ဒါလဲမဟုတ်သေးဘူး၊
ဂီတ၊အားကစား၊ပန်းချီ၊ စက်မှု၊လက်မှုပညာ စသဖြင့်တွေမှာရော၊
ဒါလဲ ပြောမရသေးဘူး၊
အဲသည်တော့ အထိမ်းအမှတ် မရှိဘူးလား၊
ဗမာဆို ဒါပဲ လို့ပြောနိုင်တဲ့ အထိမ်းအမှတ်မရှိဘူးလား၊
စိတ်ကူးပေါက်ပေါက်နဲ့ ပစ်တိုင်းထောင်၊ခြင်းလုံး၊ ငပိရည်၊မုန့်ဟင်းခါး
စသဖြင့်တွေ ပြောချလိုက်ရမလား၊ ဒါလဲမဟုတ်သေးဘူး၊
ဒီအခါ မှာ နိုင်ငံတကာလှည့်ခဲ့တုံးကအတွေ့အကြုံ တစ်ခုကို
ကြက်သီးမွှေးညှင်း ထစွာနဲ့ ပြောချင်ပါတယ်၊
ကျွန်တော် မြန်မာနိုင်ငံကပါ လို့ဆိုလိုက်တာနဲ့......ပညာတတ်မျက်နှာဖြူခပ်များများက
လတ်ဆတ်စွာ၊တက်ကြွစွာ၊ပျော်ရွှင်စွာနဲ့ အားပါးတရပြောကြတာကတော့.......''ဦးသန့်၊ ဦးသန့်၊
ဦးသန့် လူမျိုးပေါ့၊ဟုတ်လား''တဲ့၊ ''ကုလသမဂ မှာ သိပ်တော်ခဲ့တဲ့ ဦးသန့်ရဲ့ ၊ ဦးသန့်ရဲ့အမျိုးတွေပေါ့၊
ဟုတ်လား '' တဲ့၊
ကျွန်တော် အရှင်လတ်လတ် နတ်ပြည်ရောက်သွားခဲ့ပါတယ်ဗျာ...
(မင်းအေးငြိမ်းဈေ)

0 comments:

Post a Comment