Tuesday, 9 July 2013

အမေတွေအကြောင်းကတော့
ပြောကြ ရေးကြနဲ့ တော်တော်များများတွေ့နိုင်ပါတယ်
အဖေတွေအကြောင်းကတော့
အရေးကျဲကြလို့လားမသိ
ရှိတော့ရှိတယ်ရှားတယ်ပေါ့၊
ကျွန်တော့မှာတော့ပြောစရာရှိပါတယ
ဒီလ ၃၀ရက်နေ့ဟာအဖေ့မွေးနေ့ပါ
ကျွန်တော်ကတော့ ဇူလိုင်၂ရက်နေ့မှာမွေးတော့
အဖေဟာသားထက်(၂)ရက်ကြီးတယ်လို့ နောက်ဖြစ်ခဲ့ဖူးပါတယ်၊
ထားပါတော့နော်
မမေ့နိုင်တဲ့ နေ့တစ်နေ့အကြောင်းပြောပြရင်းအဖေ့မွေးနေ့ကိုနှုတ်ဆက်ချင်လို့
ဒီစာစုလေးကိုရေးလိုက်တာပါ၊
ကျွန်တော်(၉)တန်း ၁၉၇၈ခုနှစ်၊အင်းစိန်အိမ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးပါ၊
ဒီလိုပါ၊ လောကကြီးကိုရင်ဆိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
အိမ်ကနေ ထွက်ခွာ၊အလုပ်လုပ်မဲ့ ကျွန်တော်ဟာ
ဝယ်ပြီးသားဖြစ်တဲ့ ရထားလက်မှတ်လေးကိုကိုင်လို့
ည(၁၂)နာရီမှာ အိပ်မောကျနေတဲ့ အဖေနဲ့အမေကိုနှုတ်ဆက်လိုက်ပါတယ်၊
ကျွန်တော်သွားတော့မယ် လို့ ပြောလိုက်တော့
ရုတ်တရက်လန့်နိုးလာတဲ့ အဖေနဲ့အမေ တော်တော်ကြောင်သွားတယ်၊
နောက်မှ ဗုံးခွဲလိုက်သလို ဆူညံပွက်သွားတော့တာပါပဲ၊
ညီမတွေနဲ့ အမေကအတင်းဖက်ထားပြီး မသွားရဘူး လို့တွင်တွင်ပြောနေကြတယ်၊
ငိုကြယိုကြနဲ့ပေါ့၊
အဲဒီအချိန် မှာ တည်ငြိမ်စွာနဲ့ကြည့်နေတဲ့ အဖေက ရှေ့တစ်လှမ်းတိုးလာပြီး
သား သွားမယ်ဆိုသွားပါ၊ လုပ်စရာတွေပြီးရင် အမြန်ဆုံးပြန်လာပါ လို့ပြောပါတော့တယ်၊
ကျွန်တော်ကြောင်သွားတယ်၊ အရိုက်ခံရမယ်၊ အဆူခံရမယ်၊ငိုကြယိုကြမယ်ဆိုတာ
တွက်ပြီးသားပါ၊ ခံဖို့လဲအသင့်ပဲ၊ ပြီးရင် ထွက်သွားဖို့လဲအသင့်ပဲ၊
ဒါပေမဲ့ မထင်လိုက်ဘူး၊ အဖေ့ဆီက ဒီလိုစကားမျိုးထွက်လာမယ်လို့မထင်ထားဘူး၊
အခုတော့ ခွင့်ပြုတယ် ၊သွားပါ၊ ဒါပေမဲ့ အမြန်ဆုံးပြန်လာပါဆိုတဲ့ စကားထွက်လာ
လိမ့်မယ်လို့ လုံးဝမထင်ထားဘူး၊
အဲဒီမှာ အမေ ပေါက်ကွဲတော့တာပါပဲ၊
ဘာလို့လွှတ်ရမှာလဲ၊ မသွားရဘူး၊ သားမသွားရဘူး ဆိုပြီး ဇွတ်ဖက်ထားပါတယ်၊
အဲဒီည လကပိုမိုက်နေတယ်၊ မှောင်လိုက်တာမှ နက်နက်ရှိုင်းရှိုင်းကိုမှောင်နေတာပါ၊
အဲဒီညမှာ အမေနဲ့ ညီမတွေရဲ့ဖက်ထားတဲ့လက်တွေကိုအသာဖြေလို့
အိမ်ကထွက်လာခဲ့ပါတယ်၊
ငေးပြီးလှမ်းကြည့်နေတဲ့ အဖေအံတင်းတင်းကြိတ်ထားတာကို မပီတပီမြင်နေရတယ်၊
ကျွန်တော်........
သိပ်မကြာတဲ့ရက်အတွင်း
အိမ်ပြန်ခဲ့ပါတယ်၊

(မင်းအေးငြိမ်းဈေ)

0 comments:

Post a Comment