Tuesday, 18 June 2013

တာချီလိတ်မြို့ မိုင်းကိုး အ-ထ-က မှ ငါးဘာသာဂုဏ်ထူးရှင်အား ဂုဏ်ပြုဆုငွေများချီးမြှင့်

တာချီလိတ် ဇွန် ၁၇

          ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးအခြေခံပညာအထက်တန်းကျောင်းမှ မနန်အောင်မော်မော် သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။ မနန်းအောင်မော်မော်သည် မိုင်းကိုးကျေးရွာအုပ်စု ဆီလီငေါက်ကျေးရွာနေ အဘ ဦးဗွေလျံထောင်း၊အမိ ဒေါ်နန်းနွန်း တို့ မှ ၂၁-၁၂-၁၉၉၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မူလတန်းကတည်းက ကျေးလက်ကျောင်းဖြစ်သော မိုင်းကိုး ကျောင်းတွင် ပညာသင်ကြားခဲ့သူဖြစ်ပါသည်။ ကျေးလက်ကျောင်းတွင် ကျူရှင်မရှိ၊ ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်း၏ အနီးကပ်ကြီးကြပ်မှု၊ ညစာကျက်ဝိုင်းတွင်ဆရာ/ဆရာမများ၏သင်ပြမှုဖြင့်သာ ထူးချွန်စွာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ဒသမတန်း ဘက်စုံလူရည်ချွန်အဆင့်တွင်လည်း နိုင်ငံတော်မှ ၃၄ ဦး ရွေးချယ်ရာတွင် ပါဝင်ခဲ့ပြီး နိုင်ငံခြားလေ့လာရေးအဖြစ်ရွေးချယ်ခံထားရသူဖြစ်သည်။
`        မနန်းအောင်မော်မော်သည် ခုံအမှတ် ရဒ-၁၂၉ ဖြင့် အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရရှိသောဘာသာရပ်များမှာ မြန်မာ ၊အင်္ဂလိပ် ၊ဓာတု ၊ရူပ နှင့်ဇီဝဗေဒ ဘာသာရပ်တို့ဖြစ်သည်။ ထိုကဲ့သို့ ထူးချွန်စွာအောင်မြင်ခဲ့သည့်အတွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ဇွန် ၁၇ ရက် ညနေက အဆိုပါကျောင်းသို့ သွားရောက်ပြီး ဂုဏ်ပြုဆု များချီးမြှင့်ရာ မင်းခေတ်သစ် ကုမ္ပဏီမှ ဦးမောင်မောင်မိသားစုက ငွေကျပ် ၅ သိန်း၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမိသားစုက ငွေကျပ်၃သိန်း၊ ခရိုင်ရဲမှူးကြီးနေမျိုးထွဋ်မိသားစုကငွေကျပ် ၁ သိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးမိသားစုကငွေကျပ် ၁ သိန်း၊ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးမြင့်ဦး က ငွေကျပ် ၁ သိန်းခွဲ၊ ပြည်တွင်း အခွန်ဦးစိးဌာနက ငွေကျပ် ၁ သိန်း၊ အကောက်ခွန်ဦးစီးဌာနက ငွေကျပ် ၁ သိန်း၊  အလူလာဟိုတယ် ဦးမြင့်လွင်က ငွေကျပ် ၁သိန်း၊ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးကျော်စွာလွင်မိသားစုက ငွေကျပ် ငါးသောင်း၊မဇ္ဈိမ လူမှုကူညီရေးအသင်း ဦးတင့်ဆွေက ငွေကျပ် ၃ သိန်း၊ ရေပူစမ်းကျေးရွာ ဦးယေရှဲ ကငွေကျပ် ၁ သိန်း၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့က ငွေကျပ် ၁ သိန်းခွဲ ၊စုစုပေါင်း ငွေကျပ် ၂၀ သိန်းနှင့် ငါးသောင်း ချီးမြင့်ခဲ့ကြောင်းသိရှိရသည်။
(ဓာတ်ပုံ-မင်းခေတ်သစ် ကုမ္ပဏီမှ ဦးမောင်မောင်က ငွေကျပ် ၅ သိန်းချီးမြှင့်စဉ်)

                                                                                      ခရိုင်ပြန်/ဆက်









0 comments:

Post a Comment