http://myatmyomyintm2013.blogspot.com ဘလော့မှ ထပ်ဆင့်ဖေါ်ပြပါသည်။
်
ဒီဆောင်းပါးလေးနဲ့ အခြေခံပညာ (ပညာအခြေခံ) ဘလော့ကို စပြီး ဖွင့်လိုက်တယ်ဆိုရင်ဘဲ
ပညာရေးမှာ အစစအရာရာမှာ တာဝန်အကြီးဆုံးဖြစ်တဲ့ ကျောင်းအုပ်ကြီးများရဲ့ ကဏ္ဍနဲ့ ဖွင့်လိုက်ရတာဖြစ်တဲ့အတွက် မိမိတို့နဲ့ မသက်ဆိုင်ဘူးလို့ မထင်ပါနဲ့ ခင်ဗျား။ စာရေးသူ ကျွန်တော်ကိုယ်တိုင်က ကျောင်းအုပ်ကြီးဖြစ်တာကြောင့်ကော ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းတယ်ဆိုတဲ့ ဆောင်ပုဒ်အရကော တာဝန်ရှိသူကို တာဝန်တွေပေးပြီင်္း ခံယူချက်ကို မြင့်အောင် တင်ပေးလိုက်တာပါ။ လူ့လောကမှာ လူနှစ်ယောက်ရှိရင် လူတစ်ယောက်
က ခေါင်းဆောင်မှ ဖြစ်မယ်လို့ ဆိုရိုးစကားလေးတွေလည်း ရှိခဲ့ဘူးသလို မှန်လည်းအမှန်ဘဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့စာသင်နှစ်ကဖြစ်ပါတယ်။ ကျွန်တော်ရဲ့ကျောင်းမှာ ဆရာမတွေ ပြောင်းလာတာတွေ အလုပ်အသစ်ဝင်လာတာတွေ ရှိပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ တင်ပြချင်တာပါ။ ကျွန်တော့်အနေနဲ့ကကျောင်းအုပ်ကြီးစဖြစ်ကတည်းက သူများကျောင်းအုပ်ကြီးများ လုပ်မလုပ်တော့ မသိဘူး။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း အမြဲဆန်းစစ်ပြီး တိုးတက်အောင် နေလေ့ရှိတဲ့အတွက် အဲ့ဒီ ဆရာမတွေကိုလည်း ယခင့်ယခင် ဆရာဆရာမအသစ်ဝင်လာရင် ဆောင်ရွက်လေ့ရှိတဲ့အတိုင်း စစ်ဆေးခဲ့ပါတယ်။ သာမာန် နှုတ်မေးအနေနဲ့ကတော့ ပညာရေးမျိုးရိုးရှိမရှိ၊ ဖြတ်သန်းလာခဲ့တဲ့ အများအကျိုးပြုလုပ်ငန်းတွေမှာ ဆောင်ရွက်ခဲ့မှု၊ ပညာရည်ထူးချွန်မှုအခြေအနေ နဲ့ ဂုဏ်ပြုခံရမှု ဒါမှမဟုတ် ဂုဏ်ပြုမှတ်တမ်းလွှာရရှိမှု စတဲ့ စွမ်းဆောင်ရည်တွေပါဘဲ။ပြီးရင်သူတို့အတွက် သီးသန့် မှတ်တမ်းအဖြစ် အဲ့ဒါတွေကို ကျွန်တော့်ရဲ့ ကွန်ပျူတာထဲမှာ မှတ်တမ်းတင်ပါတယ်။နောက်အရေးကြီးဆုံးကတော့ အင်္ဂလိပ်နဲ့မြန်မာစာ စွမ်းရည်ဆိုင်ရာ ဖြေကြားစေခြင်းဖြစ်ပါတယ်။
မြန်မာစာကို အထူးအသေးစိတ်မေးမြန်းမှုသိပ်မလုပ်ပါဘူး။ စာစီစာကုံးလေးတစ်ပုဒ်ကို သူတို့စိတ်ကြိုက်
ရေးသားစေခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်စာကိုတော့ ၀ါစင်္ဂရှစ်မျိုးနဲ့နမူနာစကားလုံးအနည်းငယ်ကို မေးပါတယ်။ပြီးတဲ့အခါ tenses ၁၂မျိုးကို သူတို့အဆင်ပြေတဲ့ sentences တွေနဲ့ရေးသားစေပါတယ်။ပြီးဝါကျပြောင်းတာလေးတွေ ဥပမာdirect/indirectပြောင်းတာမျိုးလေးတွေ မေးလေ့ရှိပါတယ်။ နောက်ဆုံးမှာတော့ သူတို့စိတ်ကြိုက်ခေါင်းစဉ်တစ်ခုနဲ့ essay တစ်ပုဒ်ကို အနည်းဆုံး စာ(၁၀)ကြောင်းရေးစေတာပါ။ အင်မတန်လွယ်တယ်လို့ တင်ပြလိုပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ဒါတွေဟာ မူလတန်းဆင့်/ အလယ်တန်းဆင့်
ကလေးတွေတောင် တကယ်တတ်မြောက်ရင် ရရှိနေပြီဖြစ်ပါတယ်။
အခုဆရာဆရာမတွေဆိုတာက အလုပ်ဝင်လာပြီဆိုကတည်းက အနည်းဆုံး (၁၀)တန်းအောင်ပြီးလို့ ပညာရေးကောလိပ်က ဒီပလိုမာပေးအပ်ခံရပြီးတဲ့ အဆင့်ရှိပါတယ်။ အခုနှစ် ကျောင်းကို အသစ်ဝင်တဲ့ဆရာမနှစ်ယောက်ကတော့ တစ်ယောက်က ဘွဲ့တစ်ခုရ ပြီး ပညာရေးကောလိပ်ကနေ ဒီပလိုမာဘွဲ့ထပ်ပေးလိုက်တဲ့သူပါ။ သူက မူလတန်းပြရာထူးနဲ့ အလုပ်ခုမှ ၀င်တာပါ။နောက်တစ်ယောက်ကတော့ ကျွန်တော်တို့မြို့နယ်နဲ့ ၄မြို့နယ်လောက်ခြားတဲ့ပြည်နယ်မြို့တော်ဖြစ်တဲ့ မြို့နယ်က အလယ်တန်းကျောင်းက ပြောင်းလာတဲ့ အလယ်တန်းပြလုပ်သက် (၆)နှစ်ရှိပြီး ဘွဲ့ကော၊ အလယ်တန်းဆရာဖြစ်သင်တန်းပါပြီးတဲ့ လုပ်သက်ရှိပြီးသာ အလယ်တန်းပြဆရာမပါ။
ဟုတ်ကဲ့ပါ။ ကျွန်တော့်အနေနဲ့ အဲ့ဒီ ဆရာမတွေကို ဆန်းစစ်တဲ့နည်းက အထက်ပါ အခြေခံလောက်ကလေးကို ဆန်းစစ်တာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းပါတယ်။
သူတို့မှာ ခုနကစစ်ဆေးတဲ့ အချက်တွေကို ဖြေဆိုနိုင်မှု ရမှတ် ၂၀ %တောင်မှ မရှိ တာကို တွေ့လိုက်ရပါတယ်။ တယောက်က ပြောင်းသွားတဲ့ အလယ်တန်းပြနေရာမှာ အလယ်တန်းကလေးတွေကိုသင်ကြားရေးတာဝန်အပ်ရမှာ ၊နောက်တစ်ယောက်က မြန်မာစကားကိုတောင် ကောင်းစွာပြောနိုင်အောင်လေ့ကျင့်ဆဲ ကျောင်းက မူလတန်းအောက်ဆင့် ရှမ်းကလေးတွေကို အပ်ရမှာ။ ကျောင်းအုပ်ကြီးဘယ်လိုလုပ်မလဲ။ ကျောင်းအုပ်ကြီး ကိုယ်တိုင်ဘဲဝင်သင်ရမလား။ မြို့နယ်ပညာရေးအလုပ်အမှုဆောင်မှာကော၊ကျောင်းအုပ်စုမှူးတာဝန်ကော၊ မြို့နယ်ပညာရေးစီမံကိန်းစီမံခန့်ခွဲရေးကော်မတီမှာကော၊ မြိုနယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်မှာကော........ စတဲ့ အဖွဲ့တွေ အမျိုးမျိုးမှာပါပြီး ကျောင်းကိုလည်းတိုးတက်အောင် အုပ်ချုပ်သင်ကြားနေတဲ့ ကျောင်းအုပ်ကြီး ..ဘယ်လိုလုပ်မှာလဲ။
စဉ်းစားရပြီဖြစ်ပါတယ်။ မပူပါနဲ့။ ကျွန်တော့်ရဲ့ကျောင်းမှာ အဆင့်ဆင့်စီမံခန့်ခွဲမှု ရှိပါတယ်။ ကျန်တဲ့ဆရာဆရာမတွေမှာ အတန်းပိုင်ဆရာမဆိုတဲ့တာဝန်အပြင် ဘာသာရပ်ကျွမ်းကျင်မှု အလိုက် တာဝန်ပေးထားတဲ့သူတွေရှိပါတယ်။ ဘာသာရပ်ကြီးကြပ်ဖို့( board of study )ဆိုတာလည်း ဖွဲ့စည်းဆောင်ရွက်နေတဲ့ကျောင်းဖြစ်ပါတယ်။ လက်ထောက်ဆရာမတွေထဲက စိတ်ဓာတ်အကောင်းဆုံး၊စည်းကမ်းအကောင်းဆုံး၊ပညာအခြေခံ အပါလာဆုံး ကြိုးစားတဲ့ဆရာမတစ်ဦးကို
ပညာရေးဌာန လမ်းညွှန်ချက်နဲ့အညီ တာဝန်ခံကျောင်းအုပ်(headmaster inchart) အဖြစ်တာဝန်ပေးထားတာ ရှိပါတယ်။ သူတို့ကို ကဏ္ဍအလိုက် ဆရာမအသစ်တွေကို လေ့ကျင့်ပေးရတော့တာပါဘဲ။ ကျွန်တော်ကတော့ လက်ရှိဆရာမတွေရဲ့ ကြီးကြပ်မှုနဲ့ အညီ အခြေခံတွေပြန်ပါအောင် ၊ သေချာလိုက်နာသင်ကြားမှု ကြိုးစားမှု ရှိမရှိ စဉ်ဆက်မပြတ် အတန်းတွေထဲဝင်ရောက်စစ်ဆေးတာတွေ၊ ကျောင်းသားသူတွေကိုမေးမြန်းဆန်းစစ်တာတွေ
သူတို့ကို တိုက်ရိုက် မေးမြန်းစစ်ဆေးသင်ကြားပေးရတာတွေ စသဖြင့် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်ပေးရတော့တာပါဘဲ။ အဲ့ဒီဆရာမ၀န်ထမ်းအသစ်တွေ စနစ်တကျ မဟုတ်သေးသရွေ့ ကျောင်းအုပ်ကြီးကော ၊ကျန်တဲ့ဆရာဆရာမအားလုံး ပုံမှန်ထက် အဆများစွာကြိုးစားကြရပါတယ်။ လေ့ကျင့်ပေးကြရပါတယ်။
ဟုတ်ပါပြီ။ အခုအခြေအနေမျိုးကို အခုဆရာဆရာမတွေဘဲ ကြုံရသလား။ဆွေးနွေးချင်ပါတယ်။ရှေ့က လာတဲ့ဆရာဆရာမတွေလည်း ထိုနည်း ၄င်းဘဲ ဖြစ်တာများပါတယ်။မှတ်တမ်းတွေပြန်ကြည့်ရင် အရင်ဆရာဆရာမတွေထဲမှာလည်း ၄၀%လောက်ရှိတာ တစ်ယောက်လောက်ဘဲ တွေ့ခဲ့ဘူးတာပါ။ အချိန်အကြာကြီး သင်တန်းတွေ၊ဘွဲ့တွေအများကြီး ရရှိလာတဲ့ အဲ့ဒီဆရာဆရာမတွေဟာ ကျွန်တော့်ဆီရောက်စမှာ တော်တော်အခြေအနေဆိုးပြီး အခြေခံတွေတောင် ပါမလာတာကိုတွေ့ရပါတယ်။ ကျွန်တော်ဆီကို ရောက်တဲ့အခါ လေ့ကျင့်သင်ကြားပေးတဲ့အခါ စီမံခန့်ခွဲရေးကော၊သင်ကြားရေးပါအတိုင်းအတာတစ်ခုအထိ တိုးတက်လာကြတာ
တွေ့ရပါတယ်။ ခံယူနိုင်မှု ၊အခြေခံ အနည်းအများပေါ် မူတည်ပြီး တိုးတက်မှုကတော့ ကွာခြားမှုရှိပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် တတ်အောင်သင်နိုင်တဲ့ ဆရာဆရာမတွေ ဖြစ်လာတယ်လို့ဘဲ ခြုံငုံပြောပြချင်ပါတယ်။ ပညာရေးစိတ်ပညာနဲ့ သဘောတရားကိုလည်း ထိရောက်စွာ လက်တွေ့အသုံးချနိုင်လာတာလည်း ဖြစ်ပါတယ်။
ဒါကိုအဖြေရှာလိုက်ရင်တော့ သူတို့ဖြတ်သန်းလာတဲ့ ဘ၀ခရီးမှာ သူတို့ကို ဦးဆောင်တဲ့ ဆရာ၊မိဘတွေမှာ တာဝန်ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ တစ်ခုတော့ဝန်ခံပါတယ်။ ခွေးမြီးကောက် ကျည်တောက်စွပ်တော့ တစ်ချို့ပါပါတယ်။ သင်ကြားရေးနည်းစနစ်တော့ တိုးတက်ပြီး စိတ်ဓာတ်က မပြောင်းလဲတဲ့အတွက် ကျွန်တော့ကျောင်းကပြောင်းသွားတဲ့အခါ တချို့ဆရာမတွေ တစ်ဖက်ကျောင်းမှာတစ်ဖက်ကျောင်းရဲ့
ကျောင်းအုပ်ကြီး ပျော့ညံ့ခြင်းနဲ့ အတူ စည်းကမ်းပိုင်း မထိန်းနိုင်တဲ့ ဆရာဆရာမတစ်ချို့ ရှိပါတယ်။ စာသိပ်ရှည်နေရင် စာဖတ်သူ ပျင်းသွားမှာစိုးတာမို့ ဒီနေ့တော့ဒီလောက်နဲ့နားတော့မှာပါ။
ဘယ်လိုဘဲဖြစ်ဖြစ် ကျောင်းအုပ်ကြီးအနေနဲ့ သေချာဦးဆောင်တဲ့အခါ ကျောင်းသားကျောင်းသူများရဲ့ တတ်မြောက်မှုအတွက် လွန်လွန်ကဲကဲ ထိခိုက်စေတဲ့ ပြဿနာတွေ နည်းသွားတာကို ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။
ဒီနေရာမှာ ကျွန်တော်နိဂုံးချုပ် ပြောချင်တာက နိုင်ငံတော်အဆင့်ကို ထားလိုက်ပါ ။အဓိက နယ်မြေတစ်ခုကို လွှမ်းခြုံနိုင်တဲ့ ကျောင်းအုပ်ကြီး တစ်ယောက်ကောင်းရင် နယ်မြေတစ်ခုရဲ့ ပညာရေးအတိုင်းအတာတစ်ခုအထိ တိုးတက်ဖို့ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါလေးကို သိမြင်ပြီး မိမိတို့နဲ့ထိတွေ့ဆက်စပ်နေတဲ့ ၀န်းကျင်မှာ ကျောင်းအုပ်ကြီးတွေ တက်တက်ကြွကြွနဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ကြရင် အားလုံးရဲ့ရင်သွေးတွေဖြစ်တဲ့ ကျောင်းသားကျောင်းသူ သားသမီးတွေ ပညာသင်ကြားရာမှာ အရေးပါတဲ့ အတိုင်းအတာတစ်ခုအဖြစ်
ထိရောက်အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် ကျောင်းအုပ်ကြီးများ တက်တက်ကြွကြွ ဆောင်ရွက်အောင် နယ်မြေအတွင်းမှာနေထိုင်တဲ့သက်ဆိုင်တဲ့သူအားလုံးက ပူးပေါင်းဆောင်ရွက်ပေးခြင်းဟာ
ကျောင်းသားကျောင်းသူများအခြေခံပညာ ထိထိရောက်ရောက်ရရှိအောင်ဆောင်ရွက်သင့်တဲ့ကဏ္ဍတစ်ခု
ဖြစ်ကြောင်းလေးစားစွာရိုသေစွာ တင်ပြလိုက်ရပါတယ်။
ဆောင်းပါးရှင် ။ မြတ်မျိုးမြင့်မာန်
စာကြွင်း ။ အရေးကြီး ကျန်ရှိတဲ့ အကြောင်းတစ်ခုတော့တင်ပြပါ့မယ်။ အဲ့ဒါကတော့ လူကြီးမင်းများနဲ့ အတူနီးစပ်တဲ့ လွှမ်းခြုံနယ်မြေက
ကျောင်းအုပ်ကြီးအနေနဲ့ပင်ကိုယ်အနေနဲ့ စိတ်ဓာတ်ကောင်းဖို့၊ စည်းကမ်းကောင်းဖို့၊ ပညာကောင်းမှ
ဖြစ်မယ်ဆိုတာကိုလည်း ထပ်ဆောင်းတင်ပြအပ်ပါတယ်။
ဓာတ်ပုံလေးကတော့ကျွန်တော့်ရဲ့ကျောင်း(၂၀၀၆)လောက်ကပုံပါ။ကျောင်းကိုမြင်သာအောင်တင်ပြတာပါ။ ရွာတွင်းကကျောင်းအစုတ်လေးနဲ့ နေရာအနေအထားမကောင်းတာကြောင့် ရွာအ၀င်ကွင်းပြင်မှာ ဒီကျောင်းစတင်ဖြစ်ပေါ်လာအောင် ကြိုးစားခဲ့တာ ယခုအထိဖြစ်ပါတယ်။
၂၀၀၄-၂၀၀၅ ပညာသင်နှစ်မှာယခု ဓာတ်ပုံပါကျောင်းမှာ စတင်ပြီး ကလေးတွေကို ပညာသင်ကြားပေးခဲ့ပါတယ်။အခု ကျွန်တော့ရဲ့ကျောင်းက အရိပ်ရပင်များကြီးဟာ ကျောင်းဒုတိယထပ်အမြင့်ကိုရောက်ရှိနေပြီဖြစ်ပြီးပန်းအလှပင်များဟာလည်းနွေမိုးဆောင်းလှပနေပြီဖြစ်ပါတယ်။
0 comments:
Post a Comment