တမ်းတခြင်း(၂)
နှင်းမှုန်ရီဝါး အရုဏ်နားမှာ
ဝေးလွင့်ကွန်းခို မြကျွန်းညို၌
အတိတ်တွဲတူ ပျော်ခဲ့သူကား
သတိတရ လွမ်းမြမြမို့
ခုကားဝေးကွာ တစ်နယ်ခွာလို့
ချစ်သူနန်းရိပ် ဆိတ်ငြိမ်တိတ်လည်း
အင်းလျားကန်ဘောင် မြကျွန်းသောင်ဝယ်
ကိုယ်လေ တစ်ယောက်တည်းလွမ်းနေတယ်။
နေခြည်မွန်းတည့် ဦးတည်လှည့်မှ
ရှေ့နောက်တောင်မြောက် အလွမ်းရောက်လျှက်
ရင်၌နာကျင် သဲဘ၀င်ကား
နေခြည်ပူလည်း ဂရုမစိုက်
မှိုင်တွေလိုက်နှင့် ..........
ရင်တွင်ပူလည်း နှလုံးလှိုက်လှိုက်
သဲမြိုက်မြိုက်နှင့် ................
ကိုယ့်လွမ်း ဘယ်တော့ပြေပါ့မယ်။
ဆည်းဆာပုဝါ အလှရောင်ခြည်
ပုဇွန်ဆီသို့ နောက်ရပ်ကိုမှ
ဝင်အံ့နေမင်း သူသက်ဆင်းဖို့
မာန်နှင့်တင်းဖြို ကောင်းကင်ညိုသွား
ညလွှာသက်ဖို့ အသင့်ဆိုကြောင့်
ခွဲခဲ့ညနေ မြကျွန်းမြေမှ
လေးတွဲ့ခြေလှမ်း ကိုယ်ယိုင်ရမ်းလျှက်
အားအင်ပျော့နုံး အချစ်ဆုံးရယ်
တို့များ ဘယ်တော့ဆုံကြမယ်။
မှိုင်း(ဓာတု)
၁၉၈၉ တွင်စပ်ဆိုခဲ့ပြီး ၇.၁၂.၁၂ တွင် အနည်းငယ်ပြင်ဆင် ခံစားစပ်ဆိုသည်။
ဆယ်ကျော်သက် တက္ကသိုလ်မှချစ်သူအား ၈.၈.၈၈ အရေးအခင်း ကျောင်းများပိတ်စဉ် ပြန်မဖွင့်မီ အမိရန်ကုန်တက္ကသိုလ် အင်းလျားကန်ဘောင်တွင် ခေတ္တ အလွမ်းပြေ ရောက်ရှိစဉ် ရေးစပ်ခဲ့ပါသည်။
ကျောင်းများ ပြန်ဖွင့်ချိန်တွင် လည်း ကျွန်တော်သည်တာချီလိတ်မြို့နယ်ရှိ မဖွံ့ဖြိုးသေးသောအစွန်အဖျား
ကျသည့် ကျေးရွာလေးရှိကလေးငယ်များ ပညာရေးအတွက် အမိ ရန်ကုန်တက္ကသိုလ်သို့
ပြန်လည်မရောက်ရှိနိုင်တော့ပြီ။
ဘယ်သောအခါမှ ပြန်ဆုံနိုင်ခြင်းမရှိသည်ကို သိရှိသော်လည်း ရင်၌ တမ်းတမှုများသည်ကား ..........?
ထို့အပြင် ဟေမန္တ ဆောင်းရာသီနှင့်လည်း တိုက်ဆိုင်နေပြန်သည်က တစ်ကြောင်း ...........
ယခုတတိယအရွယ်သို့ချဉ်းနင်းဝင်ရောက်သည့် အထီးကျန်ကာလများတွင် အမိတက္ကသိုလ်သို့
အလွမ်းပြေ ပြန်လည်ရောက်ရှိသဖြင့်လည်းကောင်း ..................ဤကဗျာအားဖော်ပြမိပါသည်။
ချစ်ဦးသူအား ပြန်လည်သတိရမိသည့် ကျွန်တော် အပြစ်ရှိသည် ဆိုလျှင်လည်း
ရင့်ကျက်မှုမရှိသေးသူဟု ဆိုလျှင်လည်း ..............................အကျွန်ဝန်ခံရမည်သာ ။
0 comments:
Post a Comment