ကြင်နာရမယ့်သူတွေပါ
အဟမ်း.. ကျုပ်တို့နေတဲ့ရွာကိုသိကြသလား။ ပြောပြဦးမယ်လေ။
ကျုပ်တို့ရွာကိုတောင်တွေဝိုင်းနေသလို စိမ်းညို့ညို့တောအုပ်တွေကြောင့်
နွေရာသီ ပူပြင်းတဲ့အချိန်ဖြစ်ပေမယ့် ကျုပ်တို့အတွက် သိပ်မအိုက်ပေါင်ဗျာ။ ရေချောင်းကလေးက ကျုပ်တို့ရွာကို ရစ်ခွေစီးနေတော့ သိပ်သာယာတာပေါ့ဗျာ။
ကျုပ်တို့ရွာက အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ရွာ၊တောင်ယာနဲ့စိုက်ပျိုးရေးလုပ်တယ် ။
အခုတော့ လက်ဖက်ခြံတွေ သစ်သီးခြံတွေလုပ် ကြလို့ တစ်ရွာလုံးစီးပွားဖြစ်နေကြပြီလေ။
စားနိုင်သောက်နိုင်ကြပြီပေါ့။ တောင်ကျရေကို ဆည်ဖို့ပြီးတော့ ရေအားလျှပ်စစ်လည်း လုပ်ထားကြလို့ ကျုပ်တို့ရွာကို ခင်ဗျားတို့ မြင်စေချင်လိုက်တာဗျာ။ ညရောနေ့ရော လျှပ်စစ်မီးသုံးနိုင်ကြပြီ။အပေါ်စက်အောက်စက်တွေသုံးပြီး မန်ယူနဲ့ချယ်ဆီး အပြိုင်နွဲတဲ့
ဘောလုံးပွဲကိုလည်း ကြည့်ကြရပြီပေါ့ဗျာ။
အဲ..ကျုပ်တို့ရွာမှာ ဆေးပေးခန်း၊သူနာပြုဆရာမ၊သားဖွားဆရာမတွေရှိသလို မြို့နဲ့လည်း သိပ်မနီးသိပ်မဝေးဖြစ်တော့ ဆိုင်ကယ်နဲ့မြို့ကိုသွားကြရတော့ ကျန်းမာရေးအတွက် မပူကြရဘူးခင်ဗျာ။ဒါနဲ့ရွာဘေးကလမ်းကလည်း သာတယ်လေ။ အဲ့ဒီ့လမ်းကနေ ဟိုတစ်ဖက်နိုင်ငံကိုသွားလို့ ရတာပေါ့။
သွားတယ်ဆိုတာလည်း အခုခေတ်အပြောနဲ့ဆိုရင် အောက်လမ်းပေါ့ဗျ။ တရားမ၀င်ခိုးပြီးသွားတဲ့လမ်းပါဘဲဗျာ။ ကျုပ်တို့ရွာလည်း အောက်လမ်းအတိုင်း
သွားရတဲ့ လမ်းပါဘဲ။ လမ်းလျှောက်ပြီး ဖြတ်ကူးလို့ရတော့ တစ်ခါတစ်လေ ဖြတ်ကြတယ်လေ။လူမသိသူမသိအောင် ဖြတ်ကြတာပေါ့။
ကျုပ်တို့ရွာလမ်းနဘေးမှာ ကုန်စုံဆိုင်ကြီးတစ်ဆိုင်ရှိတယ်ဆိုတာ ပြောဖို့မေ့သွားတယ်။ အအေးဆိုင်စားသောက်ဆိုင်ဆိုတာလည်း ဘေးမှာရှိတော့ လူစည်တာပေါ့။အဲ့ဒီဆိုင်ကြီးကို ရောက်လာကြပြီး စားသောက်နားနေကြတဲ့ ခရီးသည်စကားကို ကျုပ်ကြားရတာပေါ့။ အို သူတို့စကား ကျုပ်ခိုးနားထောင်တာတော့ မဟုတ်ပါဘူးဗျာ။ ဘာ ကျုပ်အသက်ဟုတ်လား။အသက်၆၀ရှိပြီလေ။နှစ်၆၀ဆိုတော့ ဇရာပိုင်းပေါ့။ ဒါပေမယ့်ကျုပ်နားမထိုင်းဘူးဗျ။
ဒီအသက်အတိုင်းအတာဆိုတာကလည်း ခေတ်အဆက်ဆက်မဟုတ်တာတောင်မှ ရှေ့မှီနောက်မှီပေါ့ဗျာ။ကျုပ်ကို
လူအိုဆိုတော့ သူတို့သိပ်စိတ်မ၀င်စားကြဘူးဗျ။ ပြောချင်တာပြောကြတာပေါ့။ကျုပ်နားစွင့်နေတုန်းကြားရတာက ဟိုဘက်ကမ်းအလုပ်သွားအလုပ်လုပ်မယ်ဆိုတဲ့ ချိုမြမြအသံလေး။အို ကြည့်
လိုက်တော့ကောင်မလေး ၃ယောက် ၊ ချောချောလှလှလေးတွေ။ကျုပ်မြေးအရွယ်လောက်ဘဲ ရှိအုံးမယ်။ ဘေးက ကျုပ်တို့အရွယ်နီးပါးအဖွားကြီးတစ်
ယောက် ဘာတွေတွတ်ထိုးနေတာလဲ။ ပိုပြီးကြားအောင် အသာနားစွင့်နေလိုက်တယ်ဗျာ။ မိဘကိုလုပ်ကျွေးတာ သိပ်ပြီးကုသိုလ်ရတယ်တဲ့။ဒီအထဲမှာ
ခန္ဓာကိုယ်နဲ့ရင်းပြီး လုပ်ကျွေးရင် ပိုမြတ်တယ်ဆိုဘဲ။ ကျုပ် အဲဒီအဖွားကြီးကို စိတ်ဆိုးလိုက်တာ။ကိုယ့်မြေးအရွယ်လေးကို ဘာတွေပြောနေတာလဲ။ဘာမှ
မသိဘဲ ကြားဖူးနားဝနဲ့ ပြောနေတာလဲ။သမာအာဇီဝနဲ့ အသက်မွေးဝမ်းကြောင်းမှ မြတ်တယ်။ ဒီလိုမှ ကောင်းတယ်ဆိုတာ မသိဘူးလား။သူပြောနေတာ
မိစ္ဆာအာဇီဝ သူဘယ်ခေါ်သွားမလဲ၊ ဘာလုပ်ခိုင်းမလဲ။ကျုပ်မတွေးချင်တော့ဘူး၊ကျုပ်ရိပ်မိပြီလေဗျာ။
အဲ... နောက်တစ်ခု ကြားဘူးကြတယ် မဟုတ်လား။လူကုန်ကူးလုပ်ငန်းတဲ့။ဘာလို့ဒီစကားတွေ ပေါ်လာရသလဲ။ပြီးခဲ့တဲ့နှစ်ပေါင်းရာနဲ့ချီပြီး
ကျေးကျွန်စနစ် ရှိခဲ့တယ်လေ။ အရင်ဆုံးကတော့ ကျွန်ပေါ့ဗျာ။ အဲ အခုတော့ ခေတ်သစ်ကျွန်ပြုနည်းပေါ့ဗျာ။ အချို့ကျတော့ နားမလည်ကြဘူးပေါ့။နောက်
မှ ပြောဦးမယ်ဗျာ။ ဒီအကြောင်းတွေးရင်း ချောင်ကျကျစားပွဲမှာ ထိုင်နေတဲ့ ဗလကောင်းကောင်း လူ(၄)ယောက်နဲ့ မိန်းမရွယ်လေးတစ်ယောက်ကိုတွေ့
တော့ သူတို့ကိုကြည့်ပြီး စိတ်ဝင်စားသွားတယ်ဗျာ။ ဘာလဲ ဟိုဘက်နိုင်ငံ ပုဇွန်စက်ရုံမှာ အလုပ်ရမယ်ဆိုလား။ လုပ်ခလည်းကောင်းတယ်ဆိုဘဲ။
အပြင်တွေသိပ်မထွက်ရဘူးလို့ အမျိုးသမီးက ပြောတယ်ဗျာ။လူပုံချောချော ဗလကောင်းကောင်း ကောင်လေးက ဟိုမှာဆွေမျိုးတွေမှမရှိတာ၊ရတဲ့လခစု
ပြီးအလုပ်လုပ်ရင်ပြီးတယ်မဟုတ်လား။ ဘယ်မှထွက်လည်စရာမလိုပါဘူး၊ ပိုက်ဆံစုမိဖို့ အဓိကဘဲလေလို့ ပြောလိုက်ပါတယ်ဗျာ။ သူတို့ကိုကြည့်ရတာ
မျှော်လင့်ချက် အပြည့်နဲ့ဗျ။ အဲ ကျုပ်နဲ့သိပ်မဝေးတဲ့စားပွဲပေါ်မှာ ထိုင်နေကြတဲ့ ကလေးမတွေ သူတို့ခေါ်လာတဲ့မိန်းမကြီး လူ၀၀ကြီးတစ်ယောက် နဲ့
စကားပြောနေတုန်း တိုးတိုးပြောနေကြတာဗျာ။ အဲ့ဒီကိုရောက်ဖို့ ပုဂလိကလေယာဉ်နဲ့နှစ်ဆင့်တောင်စီးရတယ် ဆိုဘဲ။အဲ့ ခရီးစရိတ်ဘယ်လိုရကြပါ
လိမ့်၊ဘယ်လိုဘယ်လို နေတဲ့အိမ်ကို မိဘတွေကပေါင်ပြီး စရိတ်ပေးကြတယ်ဆိုဘဲ။ ဟောဗျာ ဘာတွေလုပ်နေကြမလဲ။ရရာအလုပ်ပေါ့တဲ့။ အိမ်ဖေါ်ဘဲ
ရရ ဆိုင်မှာတောက်တိုမယ်ရဘဲလုပ်လုပ် ရသမျှစုပြီး အိမ်ပြန်ရွေးရအောင်ပြန်ပို့မယ်ဆိုဘဲ။ သနားလိုက်တာ။အ၀တ်အစားကလဲ ခပ်နွမ်းနွမ်းတွေ ချို့တဲ့မှန်းသိပါတယ်ဗျာ။
အဲ ပေါင်ထားတဲ့ အိမ်ကလေး ပြန်ရွေးနိုင်ပါစေဗျာ။ အဲ ကျုပ်တွေးနေတုန်း ကျုပ်တို့ရွာက ကောင်မလေးတွေကောက်စိုက်ပြီးပြန်လာကြလို့ ကျုပ်နဲ့
မနီးမဝေးစားပွဲမှာ တို့ဖူးနွေးလာစားကြတယ်ဗျာ။ရယ်ကြမောကြနဲ့ပျော်စရာကြီးသူတို့၊အားလုံး
ကို ကျုပ်သိတယ်ဗျာ။ကောက်စိုက်ချိန်မှာ ကောက်စိုက်၊လဖက်ခူးချိန်မှာ လဖက်ခူး ၊ရော်ဘာခြစ်ချိန်မှ ရော်ဘာခြစ်ကြတဲ့ခြံ အလုပ်သမားတွေလေ။ ဒါပေ
မဲ့ အထင်မသေးကြနဲ့နော်။ သုံးယောက်က ဆယ်တန်းအောင်ပြီး တစ်ယောက်က အဝေးသင်တက္ကသိုလ် ကဘွဲ့ရပြီးသားဗျာ။ အဲ ကျုပ်တို့ရွာမှာကုသိုလ်
ရေးလုပ်ရင် လူမှုရေးလုပ်ငန်းမှာသူတို့ ရွာတိုးတက်ရေး တက်တက်ကြွကြွ လုပ်ကြတာမြင်တော့ ပီတိဖြစ်မိတယ်ဗျာ။တစ်ဖက် နိုင်ငံကိုရောက်ဖို့ စကားထည့်ပြောတာ သူတို့အတွက် ဂုဏ်ယူတယ်ဗျာ။ အချိန်တွေလည်း ကုန်မြန်လိုက်တာဗျာ။ကျုပ်တို့ရွာလမ်းက ကျောက်ခင်းလမ်းဖြစ်သွားပြီဗျာ။ ရွာမှာ
ကားဝယ်နိုင်ကြတဲ့သူတွေ မြို့နဲ့ကူးသန်းဖို့ စပါးကြိတ်ဖို့ ပစ္စည်းတင်ဖို့ ဟိုင်းလပ်ဘတ်စ်ကားတွေဝယ်လိုက်ကြပြီဗျာ။ ယခင်ကလို ထော်လာဂျီ သိပ်မသုံးတော့ဘူး။ရွာလမ်းကကောင်းတော့ လာကြသူများပြီလေဗျာ။ ရွာထိတ်တောင်ကုန်းက စေတီကိုလည်း ရွှေသင်္ကန်းကပ်နိုင်ပြိလေဗျာ။ဘုရားဖူးလည်းအများ
သား။ တောင်ပေါ်ကကြည့်ရင် ရွာပေါင်းစုံက ရှုခင်းကလည်း လှမှလှ ၊ကျုပ်လား ထုံးစံအတိုင်းပေါ့ စားသောက်ဆိုင်က စားပွဲဝိုင်းက စားသောက်သူတွေရဲ့
စကားကို နားစွင့်တုန်းပေါ့။ မရယ်ကြနဲလေဗျာ။ ၀ါသနာဆိုတာ စွန့်နိုင်ခဲတယ်ဗျာ။တစ်နေ့တော့ ဟိုဘက်ကမ်းက အောက်လမ်းကနေပြန်လာတဲ့ကောင်မ
လေးသုံးယောက်။ ကြည့်ရတာမကျန်းမာသလိုဘဲ။
စားပွဲဝိုင်းက စားစရာကိုသိပ်မစားနိုင်ရှာဘူး။ ဟိုတစ်တို့ ဒီတစ်တို့နဲ့ စားရင်းနဲ့ ငိုကြတယ်လေ။အို ဘာတဲ့။ ကြားရတာစိတ်မကောင်းစရာ။
သူတို့ကိုခေါ်သွားတဲ့အဘွားကြီး။သူတို့ကို ပျော်တော်ဆက်မှာ ရောင်းလိုက်တာတဲ့။ အရင်းကျေအောင် ဟိုကခိုင်းလိုက်တာ အစုံရောဂါရလို့ နှင်ထုတ်
လိုက်တယ်ဆိုဘဲ။ လမ်းစရိတ်မရှိ၊ရောဂါသည်ရွာကို ဘယ်လိုပြန်ကြမလဲ။ ဟဲ့ဟဲ့ ကောင်မလေးတစ်ယောက် စားပွဲကနေ လဲကျသွားပြီ။ ကျုပ်သွားထူမလို့
ဟန်ပြင်တုန်း ရွာကကောင်မလေးတွေပေါ့ ၊တူညီဝတ်စုံနဲ့ ဘယ်ကပြန်လာမှန်းမသိ ၊လဲကျနေတဲ့ကောင်မလေးကို ပြေးထူကြတယ်လေ။ ပြီးတော့ ပြီးတော့ ...
အကျိုးအကြောင်းတွေမေးနေကြတယ်။ ကျုပ်နားရှက်တာနဲ့ တဖက်လှည့်လိုက်တယ်လေ။ ဘာရောဂါတဲ့လဲ။ အဲ သိကြမှာပါ။ အဲ့ဒီပိုး ကူးနေ
ပြီဆိုဘဲ ၊ ဟောဗျာ တစ်ဖက်နိုင်ငံကို အထင်ကြီးပြီး ပွဲစားပြောတာ နားထောင်တော့ ရောဂါကူးပြီပေါ့ဗျာ။ ရွာကကောင်မလေးတွေလည်း တယုတယနဲ့
အဲ့ဒီ့ကောင်မလေးတွေက ရွာထဲကိုခေါ်သွားပြီး မြို့ကိုပို့ပေးဖို့ စီစဉ်ကြတယ်ဆိုတာ သိလိုက်ရတယ်ဗျာ။အသက်ရှည်ပါစေဗျာ။
မိဘနဲ့တွေ့ဖို့ အချိန်တော့ရပါ့မလားဗျာ။ဒီနေ့တော့ဆိုင်မှာ လူနည်းနည်းပါးတယ်ဗျို့။ အဲ လာကြပြီ လေတိုက်ရင်လဲမယ့်။ လူပိန်လေးတွေ
လာကြပြီ။ သူတို့ကို စိတ်ဝင်စားတာနဲ့။သူတို့ပြောမယ့်စကားကို ကျုပ်နားစွင့်လိုက်တယ်ဗျာ။ ဟော ပုဇွန်စက်ရုံမှာ အလုပ်လုပ်ကြမယ်ဆိုတဲ့ ကိုဗလကြီး
တွေပါလား။ အရင်တုန်းက ဗလနဲ့ အခုပိန်ပိန်ခြောက်ခြောက်ဖြစ်နေလို့ ကျုပ်မမှတ်မိတာပါ။ သူတို့စက်ရုံမှာ မနက်တစ်နာရီကနေ ညနေလေးနာရီထိ
၁၅နာရီ အလုပ်လုပ်ရတော့ အလွန်ပင်ပန်းတယ်ဆိုဘဲ။စက်ရုံသူဌေးက သံဇကာနဲကကာထားတဲ့ စက်ရုံအပြင်ကို လုံးဝမထွက်ရဘူး။ ထွက်ရင်ရဲဖမ်းမယ်
လို့ ခြိမ်းခြောက်သလို ထွက်ပြေးရင်လည်း ရဲနဲ့လိုက်ဖမ်းခိုင်းမယ်ဆိုဘဲ။ လမ်းစရိတ် ခရီးစရိတ် ပွဲစားစရိတ် သူတို့စိုက်ထားတဲ့ စရိတ်ပေါင်းစုံ တစ်နှစ်
အလကား အလုပ်လုပ်ပေးရတာတဲ့။ ကျွတ်ကျွတ်..ဒါ့ကြောင့် ဗလတွေ ပျောက်ကုန်ပြီး ဖွတ်ဖွတ်ညက်ညက်ကျေနေတာပေါ့။ဘာတဲ့..... အခုဒဏ်မခံနိုင်လို့
ထွက်ပြေးလာကြသတဲ့လား။
သူတို့ကိုပတ်သွားတဲ့ ပွဲစားကိုလည်း တိုင်မယ်ဆိုလား။ဟုတ်တာပေါ့ တိုင်သင့်တာပေါ့။ဘယ်မှာတိုင်မလဲ။ အို .....လူကုန်ကူးတားဆီးရေးအဖွဲ့
ဆိုပါလား။ဟာ..တိုင်ရမှာပေါ့။မိန်းမ၀၀ကြီး ပွဲစားကြီး သူများလုပ်အားအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့သူကြီး။ မြန်မြန် ပြစ်ဒဏ်ခံရမှ ကျန်တဲ့သူတွေ
ထမင်းစားကျွန်ခံမဖြစ်တော့မှာလို့ ကျုပ်ကနေ တွေးလိုက်မိသေးတယ်ဗျာ။ အော် ..တစ်နေ့တုန်းကပေါ့။ ရွာထိပ်မှာ ဆိုင်ကယ် တက္ကစီနဲ့ ကောင်မလေး
သုံးယောက်ကို ကြိုနေတဲ့ ပွဲစားကို အဲ့ဒီအဖွဲ့က နောက်ယောင်ခံလိုက်ပြီး အားလုံးခေါ်ပြီးစစ်တော့ သူတို့ဖြစ်ရပ်တွေပေါ်ကုန်ရောဗျာ။ ဒီလိုနဲ့ တရားရင်
ဆိုင်နေကြပြီလို့ ပြောသံကြားလိုက်ရတယ်ဗျာ။ အင်း လူတွေ လူတွေ မတော်လောဘတွေ ၀ိသမစီးပွားရေးသမားတွေ လူလူချင်းမတရားခိုင်းစား မတရား
အမြတ်ထုတ် ခေါင်းပုံဖြတ်တာတွေ လူအချင်းချင်းပေါ်မှာ လုပ်ရက်ကြပါပေဗျာ။
တစ်ယောက်နဲ့တစ်ယောက် မကြင်နာကြတော့ဘူးလား။ ကြင်နာကြစမ်းပါ။ လူမှာရှိအပ်တဲ့ မေတ္တာတွေရှိကြပါ။ ဒါမှ လူ့ဘောင်လောကကြီး
တစ်ခုလုံး အေးချမ်းသွားမှာပေါ့။ ထမင်းတစ်နပ်၊ဟင်းတစ်ဖက် စားဖို့အရေး လူများချွေးနဲ့ရင်းပြီး လုပ်ရတဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်တာ ဘယ်စားလို့
ကောင်းတော့မလဲ။တွေးရင်း လည်ပင်းတောင် နင်လာသလိုဘဲ။ ကျုပ်တောင်ရွာကမခွာဘဲ ကြည့်နေတာနဲ့ မြင်တတ်ပါပြီ။လူသားအချင်းချင်း တစ်ဦးနဲ့
တစ်ဦးကြင်နာကြရမယ့် သူတွေပါ။ ခုတော့....မကြင်နာဘဲ နေတာတွေတော့ ကျုပ်ရင်နာလွန်းလို့ပါ။ ကျုပ်စကားတော့ ဆုံးသွားပြီ။ ကျုပ်ဘယ်လိုသူလဲလို့
ခင်ဗျားတို့ သိချင်ကြမှာပေါ့။ပြောတဲ့စကားလုံးတွေ မြင်တတ်တာတွေကြည့်ပြီး အထင်မကြီးကြနဲ့ဗျို့။ကျုပ်က ခင်ဗျားတို့ လူသား
လို ဦးဏှောက်မရှိတဲ့ ရွာထိပ်က စားသောက်ဆိုင်ကြီးနှစ်ဆိုင်ကြားမှာ ပေါက်နေတဲ့ကုက္ကိုပင်ကြီးပါ။ ကုက္ကိုပင်ကြီးတောင် လူကုန်ကူးမှုအကြောင်းတားဆီး
ချင်သေးရင် လူသားဖြစ်တဲ့ ခင်ဗျားတို့အားလုံး အမျိုးသားရေးအမြင်နဲ့ ၀ိုင်းပြီးတားဆီးပေးကြစမ်းပါလို့ .........ကျုပ်ပြောချင်တယ်ဗျာ.
စိုင်းလုံကျော်
၁၁.၁၁.၁၂ တွင် မြတ်မျိုးမြင့်မာန် ဘလော့မှ ဆရာစိုင်းလုံကျော် (ဦးစိုင်းကျော်ဇံ -ခရိုင်ဥပဒေအရာရှိ)
မြို့နယ်စာရေးဆရာအသင်းအလုပ်အမှုဆောင် ၏ ၂၀၀၉ ရွှေတြိဂံမဂ္ဂဇင်းတွင် ရေးသားပါရှိသော
ဆောင်းပါးအား တင်ပြခြင်းဖြစ်ပါသည်။
0 comments:
Post a Comment