ပဲခူးရိုးမအလွမ်း
ဝေးပြာရီလဲ့ နီးစိမ်းမျက်ချယ်
တောင်ရယ်အလှ တောလှမာယာ
ငွေ့မြူသဲ့သဲ့ အာကာထက်လွှာ
စပယ်ယဉ်စ သစ်ခွရစ်တွယ်
စွယ်တော်ရဲ့ဟန် တောပန်းပျံ့လွင့်
ရနံ့သစ်လွင် စိတ်အစဉ်၌
ကြည်လင်ပျော်မွေ့ တောအတွေ့ဝယ်
ကျောက်ရေတံခွန် ချောင်းရေသွန်လျှက်
သဲ့သဲ့မျှကြား သားကောင်များ၏
ဟိုဒီသံပြန့် လွှမ်းရနံ့များ
စိမ့်ကြီးမြိုင်ထက် ရောက်ခဲ့ရက်များ
ကျွန်းပင်ကြားအိပ် သစ်ခေါ်င်းရေသောက်
သစ်ဥတွေစား တောကစားသည့်
တစ်ခါတုန်းက ရိုးမရယ်။
ဆွေးပြာရီမှိုင်း အတွေးလှိုင်းရက်
ပြန်ပြောင်းမှတ်ထင် ငေးစဉ်ခဏ
ငါ့ဘ၀ညို ခုဆိုသိရ
ဆောင်းတစ်ညမှာ အရှေ့မြန်ပြည်
ရောက်နေပြီမို့ ဘယ်သို့တမ်းလည်း
လမ်းစမမြင် ဝေးခဲ့ပင်မို့
မေ့နိုင်ပါဘူးရိုးမရယ်။
မောင်သီးသန့်(ရန်ကင်း)
(၅.၁၁.၁၂)တွင် အွန်လိုင်းပေါ်တွင် တင်ပြသည်။
0 comments:
Post a Comment