ဒီနေ့ တော်တော်စိတ်ချမ်းသာမိတယ်
တာဝန်ဆိုတဲ့အပေါ်မှာ ကြင်နာမှုထပ်ဆောင်းလိုက်တော့ ပတ်ဝန်းကျင်ဟာတော်တော်လှသွားတယ်၊
သည်တော့လဲဆုံးဖြတ်လိုက်တယ်၊“ယနေ့မှစပြီး ဒို့ရဲ့မယ်ဇလီဆိပ်မြို့လေးရဲ့ ကောင်းသတင်းတွေကိုဝေမျှ
တော့မယ်”လို့၊
ရက်စွဲ - ၁၄.၁၁.၂၀၁၂၊
အချိန် - နံနက်(၁၁း၅၅)နာရီ၊
နေရာ - အထက(တာချီလိတ်)ကျောင်းရှေ့၊
ကျွန်တော့ရဲ့သားက အထက(တာချီလိတ်)ကျောင်းမှာကျောင်းတက်ပါတယ်၊သည်တော့လဲကျောင်းဖွင့်ရက်တိုင်းကြိုပို့လုပ်ရတော့
တာပေါ့၊ ကျောင်းဆင်း/တက်ချိန်တိုင်း နေ့တိုင်းရင်မောခဲ့ရတာတော့အမှန်ပါ၊အရှိန်ပြင်းပြင်းနဲ့မောင်းတဲ့ ယာဉ်တွေကိုကြည့်ရင်း ပွတ်ကာသီကာလမ်းဖြတ်ကူးတဲ့ကျောင်းသား။ကျောင်းသူ ကလေးတွေကိုမြင်ရတိုင်း
ရင်မောခဲ့ရပါတယ်၊ “လူကူးမျဉ်းကျားလဲရှိရက်နဲ့ကွာ” လို့ အားမလိုအားမရနဲ့ရေရွတ်မိခဲ့တာလဲအခါခါပါ၊
ဒီနေ့တော့ထူးဆန်းတယ်၊
အသားညိုညို၊အရပ်မြင့်မြင့် နဲ့လက်မောင်းမှာအရစ်နှစ်ရစ်နဲ့ ယာဉ်ထိန်းရဲတပ်ကြပ်တစ်ယောက်
ဂရုတစိုက်နဲ့ယာဉ်ကြောတွေကိုရှင်းနေလို့ပါ၊ အရင်ကလို“ လူကြီးခရီးစဉ်လမ်းကြောင်းရှိလို့ ဂရုတစိုက်လုပ်
နေတာများလား“ လို့လဲ ညစ်ကျယ်ကျယ်စိတ်လေးနဲ့လဲကြည့်နေမိပါတယ်၊
မဟုတ်ပါဘူး၊သိသာပါတယ်၊ လုပ်ရိုးလုပ်စဉ်ပုံစံနဲ့ ဂရုတစိုက်နဲ့ ယာဉ်ကြောတွေကိုစနစ်တကျရှင်းနေလို့ပါပဲ၊
သည့်နောက်တော့ကောင်းခန်းရောက်လာပါတယ်၊ တစ်ဖက်ပလက်ဖောင်းမှာစုလာတဲ့ကလေးတွေကိုမြင်တာနဲ့ မောင်းလာတဲ့ယာဉ်တွေကိုအသာရပ်ခိုင်းပြီး
ကလေးတွေကိုကိုယ်တိုင်ကိုယ်ကျလမ်းကူးပေးနေတာကိုတွေ့လိုက်ရလို့ပါ၊ကလေးလေးတွေကိုလမ်းကူးပေး
ပြီးတာနဲ့ ရပ်စောင့်နေတဲ့ကားတွေကိုဆက်မောင်းခွင့်ပေးပါတယ်၊ ဒီလိုမျိုး ကလေးစုစုလေးတွေရှိလာတိုင်း
ဂရုတစိုက်နဲ့ ကားတွေကိုရပ်ခိုင်း၊ ကလေးလေးတွေကိုကူပြီးလမ်းကူးပေး၊ပြီးတာနဲ့ ယာဉ်တွေကိုဆက်မောင်းခွင့်ပြုနဲ့ တော်တော်ပင်ပန်းနေတာကိုတွေ့နေရပါတယ်၊
သာဓုပါ၊ ကိုယ့်တာဝန်ကိုထမ်းဆောင်နေရင်း ကြင်နာတဲ့အပြုအမူကိုတွေ့လိုက်ရလို့ သာဓုပါ၊
သူ့လိုလူမျိုးတွေကို ကျောင်းဆင်း/တက်ချိန်တွေမှာ ကျောင်းရှေ့တွေမှာ နေ့စဉ်တာဝန်ချထားပေးရင်ဖြင့်
အတိုင်းထက်အလွန် ကောင်းပေစွ လို့ပြောချင်ပါတယ်၊
မှတ်မှတ်ရရ တာချီလိတ်ရဲ့ ပထမဦးဆုံး“ ကောင်းသတင်း“စာမျက်နှာရဲ့ အမှတ်စဉ်(၁)ကတော့
“အတုယူဖွယ်ယာဉ်ထိန်းရဲတစ်ယောက်အကြောင်း” ဖြစ်ခဲ့ရပါပြီ၊
ကိုထိန်(တာချီလိတ်)
0 comments:
Post a Comment