၁။ ချစ်သမီးဘယ်ကလာသနည်း မသိပါဘုရား
၂။ ချစ်သမီးဘယ်သွားမလို့လဲ မသိပါဘုရား
၃။ ချစ်သမီးမသိဘူးလား သိပါတယ်ဘုရား
၎။ ချစ်သမီးတကယ်သိသလား မသိပါဘုရား
မြတ်စွာဘုရားနှင့်ကုမာရီတို့မေးမြန်းဖြေကြားနေပုံကိုနားထဲကြားယောင်နေမိသည်။ နံပါတ်(၁)မေးခွန်း ဖြစ်သည့် ''ချစ်သမီးဘယ်ကလာသနည်း''ဆိုခြင်းမှာ ချစ်သမီးဘယ်ဘ၀ကလာသနည်းဟုမေးခြင်းဖြစ်သည်။ ကုမာရီကမသိ၍ ''မသိပါဘုရား'' ဟုဖြေဆိုခြင်းဖြစ်သည်။
နံပါတ်(၂)မေးခွန်းဖြစ်သည့် ''ချစ်သမီးဘယ်သွားမလို့လဲ'' ဟုမေးခြင်းမှာ ဒီဘ၀မှ သေဆုံးပြီး ဘယ်ဘုံဘ၀ရောက် မည်ကိုမေးခြင်းဖြစ်သည်။ ကုမာရီကမသိ၍ ''မသိပါဘုရား''ဟုဖြေဆိုခြင်းဖြစ်သည်။
နံပါတ်(၃)မေးခွန်းဖြစ်သည့် ''ချစ်သမီးမသိဘူးလား'' ဟုမေးခြင်းမှာ ချစ်သမီးသေရအုံးမယ်ဆိုတာ မသိဘူးလားဟုမေးခြင်းဖြစ်ပြီး သေရအုံးမည်ကိုသိသဖြင့် ''သိပါတယ်ဘုရား'' ဟုဖြေဆိုခြင်းဖြစ်သည်။
နံပါတ်(၄)မေးခွန်းမှာ ''ချစ်သမီးတကယ်သိသလား'' ဟုမေးသောမေးခွန်း၏ဆိုလိုရင်းသည် ချစ်သမီးဘယ်တော့သေရမည်ကိုတကယ်သိသလားဟုမေးမြန်းခြင်းဖြစ်ပြီး မသိသဖြင့် ''မသိပါဘုရား'' ဟုဖြေဆိုခြင်းဖြစ်လေသည်။
ကျွန်ုပ်အပါအ၀င်ပုထုဇဉ်လူသားအားလုံးတို့သည်လည်းပဲ ဘယ်ဘ၀ကလာသည်ကိုမသိ၊ သေပြီးဘယ်ဘ၀ ရောက်မည်ကိုမသိ၊ သေရမည်ကိုသိသော်လည်း ဘယ်တော့သေမည်ကိုမသိကြချေ။
မြတ်ဗုဒ္ဓ၏ဟောကြားချက်အရ ကျွန်ုပ်တို့အားလုံး၏အမြဲနေအိမ်သည် အပါယ်လေးဘုံဖြစ်သည် ဟုဆိုသဖြင့်ကျွန်ုပ်တို့လာရင်းအရပ်ကိုသိရပေသည်။ အပါယ်လေးဘုံတွင်ခန္ဓာဖြင့်ြွေကးတွေကျေအောင်ဆပ်ပြီး ကုသိုလ်ကံတစ်လှည့် အကျိုးပေး ချိန်ရောက်၍လူ့ဘုံပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည် အပါယ်လေးဘုံ မှာရှိစဉ်က လူ့ပြည်ရောက်လျှင်ကောင်းမှု ကုသိုလ်တွေသာပြုလုပ်တော့မည်။ အပါယ်လေးဘုံသို့ ပြန်လည်မရာက်အောင်ကြိုးစားတော့မည်ဟု သံဓိဋ္ဌာန်ချခဲ့သော်လည်း အမိဝမ်းအတွင်း ကိုးလကျော် ဆယ်လ နေခဲ့ရခြင်းကြောင်းအ၀ိဇ္ဇာအမှောင်ဖုံးလွှမ်းကာအားလုံးကိုမေ့လျော့ပြီး သူများတွေစာသင်သလိုသင်၊ ကျောင်းတက်သလိုတက်၊ စီးပွားရှာသလိုရှာ သူများတိုက်ဆောက်သလိုဆောက်၊ အိမ် ထောင်ပြုသလိုလိုက်ပြုပြီး ခန္ဓာ၏ဒုက္ခကိုမမြင်ပဲပျော်ပါး၊ မော်ြွကားကာ လောဘ ဒေါသ မောဟတရားတို့ဖြင့်နေထိုင်ခဲ့ကြပေသည်။
''လောဘနဲ့သေ ပြိတ္တာပြည် မသွေရောက်တတ်သည်''
''ဒေါသနဲ့သေ ငရဲပြည် မသွေရောက်တတ်သည်''
မောဟနဲ့သေ တိရိစ္ဆာန်ပြည် မသွေရောက်တတ်သည်''
ဆရာတော်ဦးသုနန္ဒဟောကြားထားတဲ့အတိုင်း ကျွန်ုပ်တို့အားလုံးတို့သည် လောဘ၊ ဒေါသ၊ မောဟနဲ့သာ အချိန်ပြည့်နေထိုင်ခဲ့ကြပေသည်၊ သို့ဖြစ်၍ လောဘဖြစ်ချိန် သေဆုံးမည်ဆိုပါက ပြိတ္တာဘုံသို့ သာရောက်ရှိပေလိမ့်မည်၊ ဒေါသနဲ့သေက ငရဲပြည်ရောက်ပြီး မောဟနှင့်သေပါက တိရိစ္ဆာန်ပြည်သို့သာ ရောက်ပေလိမ့်မည်။ သွားရမည့်လားရာဂတိမှာ အပါယ်(၄)ဘုံသာတည်း၊ မိမိတို့ခန္ဓာသွေး ချွေးတို့ဖြင့် ပေးဆပ် ရပေဦးမည်မဟုတ်ပါလော။
ဗုဒ္ဓဟောကြားထားသော ၃၁-ဘုံကိုလေ့လာကြည့်မည်ဆိုပါက ပုံ(၁)ပါအတိုင်း
အောက်ဆုံးအဆင့် ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုသည့် အပါယ် (၄)ဘုံ
၎င်းအထက် လူ့ပြည် (၁)ဘုံ
၎င်းအထက် နတ်ပြည် (၆)ဘုံ
၎င်းအထက် ဗြဟ္မာဘုံ (၂၀)ဘုံ စုစုပေါင်း (၃၁)ဘုံ ရလေသည်။
ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးကြကုန်သော ဘုရားရှင်တို့သည် နိဗ္ဗာန်စံဝင်တော်မူခဲ့ကြလေပြီ။ ဘုရားရှင်တစ်ဆူပွင့်တော်မူသောအခါ သတ္တ၀ါ ၂၄-သင်္ချေ ကုဋေ(၈၀) ဗိုလ်ခြေတစ်သိန်း ချေချွတ်တော် မူခဲ့လေသည်။ ပွင့်ခဲ့ပြီးသော နိဗ္ဗာန်စံဝင်ပြီးသောဘုရားရှင်အရေအတွက်မှာ ဂင်္ဂါဝါဠုသဲစုမကဟုဆိုသဖြင့် ရေတွက်၍မရအောင်များပြားပြီး ကျွတ်တမ်းဝင်ခဲ့ကြသော သတ္တ၀ါများမှာလည်း ရေတွက်၍မရအောင်များပြား ခဲ့လေသည်၊ ဘုရားရှင်တို့၏ အဆိုအရ ဘုရားတစ်ဆူပွင့်၍ ချေချွတ်နိုင်ခဲ့သောသတ္တ၀ါအရည်အတွက် ၂၄ သင်္ချေ ကုဋေ ၈၀ ဗိုလ်ချေတစ်သိန်းဟူသော အရည်အတွက်ပမာဏသည် ငါဘုရား၏လက်သည်းခွံပေါ် တင်ရှိသောမြေကြီးပမာဏသာရှိ၍ ကျန် သတ္တ၀ါအရည်အတွက် ပမာဏသည် ဤကမ္ဘာမြေကြီးထုပမာဏခန့် ရှိလေသည်ဟု ဟောကြားတော်မူခဲ့သည်။ သတ္တ၀ါမည်၍မည်မျှ များပြားကြောင်းမှန်းဆနိုင်ပေသည်။
ဘုရားတစ်ဆူပွင့်ရန်အနည်းဆုံး အချိန်ကာလ ၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ရသည်။
ဘုရားအမျိုးအစား-၃ မျိုးရှိသည်။
ပညာဓိကဘုရား ဖြစ်ရန် ၄ သင်္ချေနှင့် ကမ္ဘာတစ်သိန်း
သဒ္ဓါဓိကဘုရား ဖြစ်ရန် ၈ သင်္ချေနှင့် ကမ္ဘာတစ်သိန်း
ဝီရိယဓိကဘုရား ဖြစ်ရန် ၁၆ သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ရပေသည်။
တစ်သင်္ချေဆိုသည်မှာ ''၁''နောက်တွင် ''၀''ပေါင်းအလုံး ၁၄၀ ရှိသောကမ္ဘာဖြစ်ပြီး ''၁''ကမ္ဘာဟူသောအချိန်ကာလ မှာ အလျား၊ အနံ၊ အမြင့် ၁ ယူဇနာရှိသော ကန်ကြီးထဲသို့ မုံညှင်းစေ့အပြည့်ထည့်ပြီး နှစ်တစ်ရာတွင် တစ်စေ့ထုတ်ရသည်၊ ၄င်းကန်ထဲမှ မုန်ညှင်းစေ့ကုန်သွားသောအချိန်ကို တစ်ကမ္ဘာဟုခေါ်သည်။
ဘုရားရှင်တစ်ဆူဖြစ်ရန် ပါရမီ (၁၀)ပါးအပြား (၃၀) စွန့်ခြင်းကြီး (၅)ပါးတို့ဖြင့် ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်ရပေသည်၊ ဘ၀တိုင်း၌အေးချမ်းစွာနေထိုင်ခဲ့ရသည်မဟုတ်၊ အသွေးအသား တို့ကို၎င်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းတို့ကို၎င်း ပေးလှူ၍ပါရမီဖြည့်ခဲ့ရပါသည်။ အဘယ့်ကြောင့်ဒုက္ခဆင်းရဲခံပြီး ပါရမီဖြည့်၍ ဘုရားဖြစ်လိုကြသည်ဆိုသော် ၃၁-ဘုံ၌ကျင်လည်ကုန်ကြသော သတ္တ၀ါဝေနေယျတို့အား သံသရာဝဋ်ဆင်းရဲမှ လွတ်ခြင်းအကျိုးငှာလည်းကောင်း၊ ဒုက္ခအားလုံးချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကိုရရှိစေခြင်းငှာလည်းကောင်း ပွင့်တော်မူခဲ့ခြင်းဖြစ်လေသည်။
နိဗ္ဗာန်စံဝင်ဘုရားရှင်တို့မှာ ဂင်္ဂါဝါဠုသဲစုမကရှိခဲ့သည်ဆိုသော်လည်း ကျွန်ုပ်တို့အားလုံးနိဗ္ဗာန် မရောက်နိုင်သေးပဲရှိနေခြင်းသည် ဘုရားနဲ့လွဲ တရားနဲ့လွဲခဲ့၍သာ ဖြစ်ပေတော့သည်။ စင်္ကြာဝဠာအနန္တရှိသလို စင်္ကြာဝဠာတစ်ခုလျှင် ကမ္ဘာတစ်ခုရှိသဖြင့် ကမ္ဘာပေါင်းအနန္တရှိပေသည်။
ကမ္ဘာပေါင်းအနန္တထဲမှ ဘဒ္ဒကမ္ဘာဟုခေါ်ဆိုသော ကျွန်ုပ်တို့နေထိုင်သောကမ္ဘာတွင်သာ ဘုရားငါးဆူ ပွင့်ပေသည်။ ယ္ခုအချိန်အထိပွင့်ပြီးသောဘုရားတို့မှာ-
၁။ လူ့သက်တမ်းလေးသောင်းတမ်းတွင်ပွင့်ခဲ့သော ကကုသန်ဘုရား
၂။ လူ့သက်တမ်းသုံးသောင်းတမ်းတွင်ပွင့်ခဲ့သော ဂေါဏဂုဏ်ဘုရား
၃။ လူ့သက်တမ်းနှစ်သောင်းတမ်းတွင်ပွင့်ခဲ့သော ကဿဖဘုရား
၎။ လူ့သက်တမ်းတစ်ရာတမ်းတွင်ပွင့်ခဲ့သော ဂေါတမဘုရား ဆိုသည့်လေးဆူသာပွင့်ပြီး နောင်လူ့သက်တမ်း တစ်သိန်းတန်းတွင်ပွင့်မည့် အရိမေတ္တယျဘုရား ဖြစ်ကြပေသည်။
ကျွန်ုပ်တို့မှီခဲ့သောနောက်ဆုံးလူ့သက်တမ်းတစ်ရာတွင် ပွင့်ခဲ့သောဘုရားမှာ ဂေါတမမြတ်စွာဘုရားပင် ဖြစ်လေသည်။ ဂေါတမမြတ်စွာဘုရားရှင်သည် အမှန်တကယ်လူ့သက်တမ်း တစ်သောင်းတမ်းတွင်ပွင့်ရမည် ဖြစ်သော်လည်းအချိန်ကာလပါရမီ မပြည့်သေးသဖြင့်လူ့သက်တမ်းတစ်ရာတမ်းတွင်သာပွင့်ခဲ့ရလေသည်။
ဘုရားရှင်တစ်ဆူပွင့်တော်မူပြီးချေချွတ်ရမည့် သတ္တ၀ါမှာ (၂၄)သင်္ချေ ကုဋေရှစ်ဆယ်ဗိုလ်ခြေတစ်သိန်း ဖြစ်သော်လည်း ကျွန်ုပ်တို့မြတ်စွာဘုရားရှင်သည် သက်တမ်းတိုကာလတွင် ပွင့်ခဲ့ရသဖြင့်အချိန်ကာလ တိုတောင်းသောကြောင့်(၂၀)သင်္ချေသာချေချွတ်ခဲ့လေသည်။ ထိုအတွက်ကျန်နေသော (၄)သင်္ချေ ကုဋေရှစ်ဆယ် ဗိုလ်ခြေတစ်သိန်းအရည်အတွက်ချွတ်နိုင်ရန် ယ္ခင်ပွင့်တော်မူခဲ့သော ဘုရားတို့၏လမ်းစဉ်အတိုင်းသာသနာ (၅၀၀၀)ချမှတ်ထားခဲ့ပေသည်၊ ¤င်းသာသနာ(၅၀၀၀)အတွင်း ကျန်သတ္တ၀ါအချို့ သူ့ဆရာနှင့်သူ ချေချွတ်၍ နိဗ္ဗာန်စံဝင်ကြမည်ဖြစ်ပေသည်။
မြတ်စွာဘုရားထားခဲ့တော်မူခဲ့သော သာသနာ(၅၀၀၀)ကိုခေတ်(၅)ခေတ် ပိုင်းခြားထားလေသည်။ခေတ်တစ်ခေတ်တွင် နှစ်ပေါင်း(၅၀၀)ရှိသည်။
၁။ ၀ိမုတ္တိယုဂခေတ် နှစ်ပေါင်း(၅၀၀)
ဘုရားပွင့်ချိန်မှစပြီးနှစ်ပေါင်း(၅၀၀)အတွင်း ၀ိမုတ္တိယုဂခေတ်ဖြစ်သောကြောင့်ဈာန်မဂ်ဖိုလ်တရားထူးများ
ဖြိုင်ဖြိုင်ရကြသည်။
၂။ သမာဓိယုဂခေတ် နှစ်ပေါင်း(၅၀၀)
သမာဓိတည်ရုံမျှသာဖြစ်သည်။
၃။ သီလယုဂခေတ် နှစ်ပေါင်း(၅၀၀)
သီလဦးစားပေးသောခေတ်ဖြစ်သည်။
၎။ သုတယုဂခေတ် နှစ်ပေါင်း(၅၀၀)
စာပေဗဟုသုတဦးစားပေးသောခေတ်ဖြစ်သည်။
၅။ ဒါနယုဂခေတ် နှစ်ပေါင်း(၅၀၀)
ဒါနပြုမှုသာအားသန်ကြသောခေတ်ဖြစ်သည်။
ထိုမှလွန်သော်ဝိမုတ္တိယုဂခေတ်သို့ပြန်လည်လှည့်ဝင်လာသည်။ သာသနာနှစ်(၂၅၀၀) ကောဇာ သက္ကရာဇ်(၁၃၁၈)ခုနှစ်ပြည့်ပြီးသည်မှစ၍ ၀ိမတ္တိယုဂခေတ်သို့ပြန်လည်ဆိုက်ရောက်လာသည်။ ကောဇာ သက္ကရာဇ်(၁၃၁၉)ခုနှစ်မှ(၁၈၁၉)ခုနှစ်အတွင်းသာဝိမုတ္တိယုဂခေတ်ဖြစ်ပေသည်။ ၀ိမုတ္တိယုဂခေတ်မှလွဲ၍ ကျန်ခေတ်များတွင်မဂ်ဖိုလ်တရားထူးများရရန်မလွယ်ကူတော့ချေ။
ကျွန်ုပ်တို့သည်ပင်ယ္ခုအချိန်အခါ၌လူဖြစ်လာရသည်မှာအင်မတန်ထူးကဲသော ဒုလ္လဘတရားကြီးကို ရရှိခြင်းပေတည်း၊စင်္ကြာဝဠာအနန္တထဲမှဘဒ္ဒကမ္ဘာတွင်လူလာဖြစ်ရခြင်း၊ မြတ်စွာဘုရား၏ သာသနာတော်နှင့် ကြုံတွေ့ရခြင်း၊ သာသနာ(၅၀၀၀)ထောင်ထဲတွင် ၀ိမုတ္တိယုဂခေတ်တစ်ပါတ်လည်သည့် ခေတ်၌ကြုံရခြင်း၊ ဗုဒ္ဓဘာသာထွန်းကားသောတိုင်းပြည်၌လူဖြစ်ရခြင်း၊ ဗုဒ္ဓဘာသာဝင်မိဘများရဲ့သားသမီးဖြစ်ရခြင်းတို့ သည်လည်း အင်မတန်ကြီးမားသောဘုန်းကံကြောင့်ဖြစ်ခဲ့ရပေသည်။
မိရိုးဖလာဗုဒ္ဓဘာသာပင်ဖြစ်ခဲ့သော်လည်း ဆရာကောင်းသမားကောင်းမတွေ့ပါက တကယ့်ဗုဒ္ဓ ဘာသာဝင်မဖြစ်နိုင်ပေ၊ တကယ့်ဗုဒ္ဓဘာသာဝင်ဖြစ်မှသာ ဘုရားရှင်၏အလိုကျ ကျင့်ကြံအားထုတ်နိုင်သောဗုဒ္ဓ၏ သားကောင်း၊ သမီးကောင်းများဖြစ်ကြပေမည်။ ဗုဒ္ဓဘုရားပွင့်တော်မူရခြင်း၏ရည်ရွယ်ချက်မှာ သံသာရာ ၀ဋ် ဆင်းရဲအပေါင်းမှကင်းလွတ်ရာအမှန်မြတ်နိဗ္ဗာန်ကိုရစေခြင်းငှာ ပွင့်တော်မူခဲ့သဖြင့်ကျွန်ုပ်တို့အနေဖြင့် နိဗ္ဗာန်ရောက်ကြောင်းမကျင့်ပါကဗုဒ္ဓ၏သားတော်၊ သမီးတော်ဟုမဆိုနိုင်ပါချေ။ သတ္တ၀ါတို့၏စရိုက် သဘာဝကိုလိုက်၍ ဓမ္မခန္ဓာပေါင်း(၈၄၀၀၀)ပိဋိကတ်(၃)ပုံဟုဆိုအပ်သော(သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ)များ ဟောကြားခဲ့သော်လည်း ဗုဒ္ဓ၏အဓိကရည်ရွည်ချက်မှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရားအားထုတ်နိုင်ရန် သာဖြစ်သည်။
နိဗ္ဗာန်ရောက်နိုင်ရန်လူ့ဘုံမှသာကျင့်ကြံအားထုတ်ပြီးရရှိနိုင်ပေသည်။ ထိုကြောင့်မြတ်စွာဘုရားသည် လူ့ပြည်၌သာပွင့်တော်မူခဲ့ပေသည်။ နတ်ပြည်(၆)ထပ်နှင့် လူ့ဘုံသည်သုဂတိဘုံ(၇)ဘုံဖြစ်ပြီး အပါယ်(၄)ဘုံသည် ဒုဂ္ဂတိဘုံဖြစ်ပေသည်။
လူ့ဘုံမှနိဗ္ဗာန်ကိုရရန်ကျင့်ကြံသည့်နည်းသုံးနည်းရှိသည်။
၁။ ကံလမ်း
ဒါန၊ သီလဆောက်တည်၍ကျင့်ကြံအားထုတ်သည့်လမ်း-
၂။ ဈာန်လမ်း
သမထတရားကျင့်ကြံအားထုတ်သည့်လမ်း-
၃။ ဥာဏ်လမ်း
ဝိပဿနာပွါး၍အားထုတ်သည့်လမ်း- တို့ဖြစ်ကြသည်။
ဥာဏ်လမ်းသည် အကောင်းဆုံးနှင့်အမြန်ဆုံးလမ်းဖြစ်သည်။ သစ္စာတရားကိုပြသတတ်သော ဆရာ သမားကောင်းနှင့်တွေ့၍ ကိလေသာကြားမခိုစေဘဲကျင့်ကြံအားထုတ်နိုင်ပါလျှင် မနက်အားထုတ်ကညရနိုင်၊ ညအားထုတ်က မနက်ရနိုင်သောလမ်းကောင်းဖြစ်ပေသည်။ ကိလေသာကြားခိုနေ၍ မရနိုင်သည်ထားအုံး ၇-ရက်၊ ၇-လ၊ ၇-နှစ် အတွင်းလည်း ရနိုင်သည်။ ဒီဘ၀မရနိုင်တောင် သေခါနီးဝိပဿနာတရား နှလုံးသွင်း၍ သေဆုံးပါက နောက်ဘ၀နတ်မဖြစ်ခင် ပထမ နိဗ္ဗာန်ဖြစ်သည့်သောတာပတ္တိမဂ်ဖိုလ်ကိုရနိုင်ပေသည်။
သောတာပတ္တိမဂ်ဖိုလ်ရပြီးပါက ဘုံစဉ်စံဖြင့် တစ်ဆင့်တစ်ဆင့်မြင့်တက်ကာ နိဗ္ဗာန်ကိုစံဝင်နိုင်မည် ဖြစ်ပေသည်။
ထို့ကြောင့် အပါယ်လေးပါးမှ ထာဝရကင်းလွတ်ပြီး နိဗ္ဗာန်ကိုဘုံစဉ်စံဖြင့်စံဝင်နိုင်ရန်အတွက် ၀ိပဿနာတရားများ ထွန်းကားလာသည့် ၀ိမုတ္တိယုဂခောတ်ကာလတွင် လောကုတ္တရာ ပညာရပ်ဖြစ်သော ၀ိပဿနာပညာကို ကြိုးစား၍ လေ့လာသင်ယူအားထုတ်သင့်ပါကြောင်း မေတ္တာစေတနာဖြင့် အထူးတိုက်တွန်း လိုက်ရပါတော့သည်။
ဇေယျာမင်း(ကေတု)
တာချီလိတ်မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် ဦးမြင့်လွင် (ဇေယျာမင်းကေတု)
မြတ်မျိုးမြင့်မာန် စီစဉ် တင်ပြသည်။(၂၈.၁၁.၁၃)
1 comments:
သာဓု -သာဓု -သာဓုပါ
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေကြပါစေ
Post a Comment