သိပါရဲ့လားကွယ်
အို.............သခင်
ကျွန်ုပ်၏နှလုံးသားမီးအိမ်ငယ်
ကြေမွပျက်စီးခဲ့ပါပြီ
အသုံးပြုခံမီးဇာတို့ကား
အထီးကျန်လေပြီ
ကောင်းကင်ပြင်သည် မဲမှောင်၍ လာချေတော့မည်
အလင်းမဲ့သောအခါ
အကျွန့်အသည်းတို့သည်
ဦးတည်ရာမသိ ဖြစ်ချေတော့မည်
အကျွန့်မျက်ဝန်းအတွင်းမှ
ကျဆင်းလာမည့် မျက်ရည်များပင်
လောက၏အသိမှတ်ပြုခံ ဖြစ်တော့မည်မထင်
အကျွန်၏ ဆိုးလွန်းသည့် ကံကြမ္မာကို
သခင်..........သိပါရဲ့လားဟင်။
အို.............သခင်
နွေနေကြောင့် ပန်းကလေးများ
ညှိုးနွမ်းတတ်ကြသည်
မိုးရေကြောင့် ပန်းကလေးများ

လန်းဆန်းကြပါသည်
နှင်းဥတို့ကြောင့် ပန်းကလေးများ
ရှင်သန်မှု ပိုကြရသည်။
အကျွန်သည် သခင့်အတွက်
ဟေမာန်လား... ၀ဿန်လား ....ဂိမ္မာန်လား သခင်။
အို.......သခင်
မီးခိုးရောင်ကောင်းကင်အောက်က
တိမ်လွှာငယ်တို့ ဝေ့၀ဲသွားနေသော တောင်တန်းပြာတို့သည်လည်းကောင်း
သစ်ပုတ်ပင်အောက်မှ
ချစ်မောင်နှံ၏ ကျီစယ်သံတို့သည်လည်းကောင်း
ကျွန်ုပ်၏နှလုံးသားလွယ်အိတ်ငယ်အတွင်းရှိ
ချစ်သူ့ဒဏ္ဍာရီတို့သည်လည်းကောင်း
အကျွန်အဘယ်သို့ စွန့်ပယ်မေ့ပျောက်ရမည်လဲ ...သခင်။
အို.........သခင်
ငိုရှိုက်ခြင်းကား ဝေဒနာကို ဖြေဖျောက်ခြင်းပင်
ငိုရှိုက်ခြင်းကို ထိန်းချုပ်သူ အကျွန်ကား
ဝေဒနာနှလုံးသားကို အစိတ်စိတ်ကွဲအောင်
ပြုလုပ်ခြင်းဆောင်မည်လား.........?
ဘယ်သို့ပင်ဖြစ်ဖြစ်..
ကျွန်ုပ်၏ ငိုရှိုက်ခြင်းသည်
အချစ်တိမ်သည် မြင်၏
ထို့ကြောင့်
ကျွန်ုပ် ဘယ်သောအခါမှ
ငိုရှိုက်ခြင်း မပြုတော့ပါသခင်။
မှိုင်း(ဓာတု)
(18.9.2012) တွင် အွန်လိုင်းတွင် တင်ပြသည်။

0 comments:
Post a Comment